5

230 30 0
                                    


၂၀၁၄ ခုနှစ်။
အတိတ်။

ဖိချေခံလိုက်ရတဲ့ ခရမ်းချဉ်သီးလို ပိန်ရှုံ့သွားတဲ့ ကားခေါင်းခန်းထဲကနေ သွေးတွေအများကြီးစီးကျလာတယ်။ အနောက်ခန်းတံခါးက တိုက်မိတဲ့အရှိန်အတွင်းမှာတင် ပြုတ်ထွက်သွားခဲ့ပြီ။ကားနောက်ခန်းထဲကနေ တွားသွားထွက်လာခဲ့တဲ့ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့မျက်နှာတစ်ပြင်လုံးဟာ နဖူးထက်ရှိဒဏ်ရာဆီကနေ ထွက်လာတဲ့ သွေးတွေနဲ့ ဖုံးအုပ်လို့နေတယ်။

ညနေခင်း ဒရမ်မာဇာတ်လမ်းတွေထဲကအတိုင်းဆို ဒီလိုအချိန်မျိုးမှာ လူနာတင်ယာဉ်တွေရောက်လာသင့်တာဖြစ်တယ်။

ခေါင်းလေးတစ်ချက်ထိမိတာ အများကြီး ထုံထိုင်းသွားပုံရတယ်။ သွေးတွေဒလဟောစီးကျနေပေမဲ့ နည်းနည်းလေးတောင် နာမလာဘူးလေ။ လည်ပင်းကိုအနောက်ကနေ လူကြီးအားနဲ့သိုင်းချုပ်ခံရတာနဲ့ တစ်ချိန်တည်းမှာပဲ သွေးတွေရွှဲနေတဲ့ နားထင်ဆီ သေနတ်ပြောင်းနဲ့တေ့ခြင်းခံလိုက်ရတယ်။ အကြည့်စူးစူးတွေကို မျက်လုံးလှန်ကာ ပစ်သွင်းမိတော့ သေနတ်ကိုကိုင်ထားတဲ့ မျက်ခုံးထင်းထင်းနဲ့ကောင်လေးရဲ့ နှုတ်ခမ်းတွန့်ရုံအပြုံးနဲ့ရင်ဆိုင်မိတယ်။

" အဆိပ်ပြင်းလိုက်တဲ့ ကလေး "

လူပျိုဖော်ဝင်ကာစ အသံဩရှရှလေးရဲ့ အဖျားခတ်သံဟာ အပူချိန်အနုတ်ပြနေတဲ့ ဝင်ရိုးစွန်းရေခဲတွေလို အေးစက်လှတယ်။

" ဂင်ဂယူဗင်း! မင်း ဒီကိုရောက်လာတာပဲ နှစ်ဘယ်လောက်ရှိနေပြီလဲ? အခုထိ ရူးတုန်း! "

ဂယူဗင်းက ငယ်ငယ်လေးကတည်းက ခေါင်းမာတဲ့အရူးလေး။ ပြီးတော့ အရမ်းလဲ ကလန်ကဆန်လုပ်တတ်သေးတာ။ ဒါမစားရဘူးဆို ရအောင်စားတယ်။ ဒါကို မလုပ်ရဘူးဆို ဘာကိုမှမလုပ်တော့ဘဲ ဆန္ဒပြတတ်တယ်။ သူ့ရဲ့ တစ်ခုတည်းသော နောင်တကတော့ ‘အဝေးကြီးကိုတစ်ယောက်တည်းမသွားရဘူး’ ဆိုတဲ့မေမေ့စကားကို လွန်ဆန်ခဲ့မိတာပါပဲ။

လေတိုးသံတစ်ချက်နဲ့အတူ ဂယူဗင်းရဲ့မျက်နှာလေးလည်ထွက်သွားတယ်။ သွေးတွေပေသွားတဲ့ သားရေလက်အိတ်ကို ချွတ်လိုက်သူက ဂယူဗင်းရဲ့ခြေရင်းဆီ စွန့်ပစ်သွားတယ်။ ဂယူဗင်းကတော့ သူ့ခန္ဓာကိုယ်က ထူးဆန်းနေတာကို သတိထားမိသွားတာ‌ကြောင့် ကြောင်အနေမိတယ်။ ကျန်းဟောင့် သူ့ကိုရိုက်လိုက်တာ သေချာပေါက် အရှိန်ပြင်းပြင်းနဲ့ပဲ။ဗလာဖြစ်သွားတဲ့ ကျန်းဟောင့်ရဲ့ လက်ဖဝါးပြင် နီတက်လာတာကို ကြည့်ရုံနဲ့သိနိုင်တယ်လေ။ ဒါပေမဲ့ သူ ဖိအားကိုခံစားမိရုံမှတစ်ပါး နာကျင်မှုနဲ့တူတာကို ခံစားလို့မရနိုင်ခဲ့။

Die for youWhere stories live. Discover now