အိမ်ထဲမှာ များများစားစားမရှိပေမယ့် တစ်ခုချင်းစီတိုင်းက သူတို့ရဲ့တန်ဖိုးကို ပြသနေသည်။
Mikeက ပညာတတ်တစ်ယောက်မို့ သရုပ်ပျက်တဲ့အထိတော့ လိုက်မငမ်း။ အယ်လီနာနောက်မှနေ၍ တိတ်ဆိတ်ကာအနေအေးပြီး တည်ငြိမ်သောစတိုင်လ်ဖမ်းကာ လိုက်လာခဲ့သည်။
"ရောက်လာကြပြီပဲ..... လာထိုင်"
အန်တီဆိုသူ၏ အနေအထားနှင့် သူ၏အိမ်ထောင်သည်ဖြစ်ခဲ့ဖူးသည်ဆိုသော အချက်ကြောင့် စိုးရိမ်သောကရောက်ခဲ့ရသော Mikeက သက်ကြီးပိုင်းဝင်နေပြီဖြစ်တဲ့ အမျိုးသမီး၏အပြုံးကြောင့် တစ်ဝက်မျှစိတ်သက်သာရာ ရသွားခဲ့သည်။
"မိဘအိမ်ပြန်ပြီးကြပြီလား"
"ဟုတ်ကဲ့...... အပြန် အန်တီ့ကိုလာပြီးဂါရဝပြုတာပါ"
အမျိုးသမီးကပြုံးရုံသာပြုံး၍ Mikeဘက်လှည့်ကာ ချိုသာစွာမေးလေ၏။
"ဒါက အယ်လီရဲ့အမျိုးသားပေါ့...... မင်္ဂလာပွဲကိုမတက်လိုက်နိုင်တာတော့ အားနာမိပါတယ်။ အပြန်ကြရင် လက်ဖွဲ့ယူသွားကြဖို့မမေ့နဲ့"
အယ်လီနာ၏မျက်နှာထက်တွင် အပြုံးကြီးကြီးဖြစ်ထွန်းသွားသလို Mikeသည်လည်း စိတ်လှုပ်ရှားသွားလေသည်။ သူကတည်ငြိမ်စွာဖြင့်.....
"ကျေးဇူးတင်ပါတယ်....."
"ဒါနဲ့ မောင်လေးရော အန်တီ"
ထိုတစ်ယောက်ကို မချစ်ပေမယ့်အောင့်ကာနမ်းနေရသည့်သဘောဖြင့် အယ်လီနာမေးလိုက်သည်။
"အဲ့ကောင်စုတ်လေး...... အကြာကြီးပျောက်သွားပြီး မနေ့ကနောက်ကျမှပြန်ရောက်လာတယ်လေ၊ ရောက်တာနဲ့မအေကိုတောင် လာမနှုတ်ဆက်ဘူး။ အခုထိအိပ်ပျော်နေသေးတာကိုပဲ ကြည့်"
အမျိုးသမီး၏မျက်နှာသည် မေတ္တာတရားဖြင့်လွှမ်းခြုံသွားသည်ကို Mikeသတိထားလိုက်မိသည်။
သူ့သားကို တော်တော်ချစ်ကာအလိုလိုက်မည့်ပုံပဲ......။
"မား......"
ထိုအချိန်တွင် Alexက အပေါ်အင်္ကျီမပါဘဲ ညအိပ်ဘောင်းဘီတစ်ထည်ဝတ်ထားပြီး ရှုပ်ပွနေသောပုံစံဖြင့် အပေါ်ထပ်မှဆင်းလာခဲ့လေသည်။