"အိုအေ ကျုပ်ငယ်ငယ်က ကိုယ်တိုင်ကြုံဖူးတာပါတော် ကျုပ်နဲ့ သူငယ်ချင်းတွေ ညဘက်ကြီးတူတူပုန်းတမ်းကစားကြတာ ကျုပ်က သရက်ပင်နောက်မှာပုန်းတာ အားလုံးဖမ်းမိပြီး ကျုပ်ကိုလိုက်ရှာမတွေ့ကြဘူး သူတို့ကျုပ်အနားလာတာ ကျုပ်သိသားပဲ သူတို့ပဲ မမြင်ကြတာ နောက်တော့ ကျုပ်အမေတို့ကိုသွားတိုင်လေရော အဲ့မှာ အအေနဲ့ အပါးက စိတ်ပူပြီး လိုက်ရှာကြတာ ကျုပ်အားလုံးကိုတွေ့သားပဲ သူတို့ပဲ ကျုပ်ကိုမတွေ့ကြတာ နောက် နှစိနာရီလောက်ကြာမှ ကျုပ်ကိုတွေ့ကြတာလေ"

ကလေ‌းတွေက ဆော့နေရာကနေ အိမ်ပေါ်တက်လာကာ ဒေါ်တင်ရီ့စကားကို စိတ်ဝင်စားနေကြသည်။

လှနုက မော၍ ထင်သည် သူ့အမေတင်မေလှပေါင်ပေါ်တွင် ဝင်လှဲကာအိပ်သည်။

ဒေါ်တင်ရီက ရေနွေးကြမ်းငှဲ့သောက်၍
တင်မေလှအား မေးဆက်ကာ

"အဲ့တော့ ဆက်ပြောပါအုံး ညည်းတို့ အကြောင်းလေး"

ထိုအခါ ‌တင်မေလှမှာ လက်ဖက်သုပ်အားဝါးရင်း အာပေါင်အာရင်းသန်သန်ဖြင့်

"အစ်မရေ ကျွန်မတို့ နာဂစ်လည်းငြိမ်သွားရော ဘုန်းကြီးကျောင်းထဲ ရေဘေးရှောင်အနေနဲ့ထားတာ အပြင်ဘက် သဲသောင်ပြင်မှာလည်း အလောင်းတွေဆိုတာ ထပ်ထပ်တင်ထားတာ ကြည့်တောင်မရဲဘူး ပုံနေရော တချို့က မိဘတွေ မုန်တိုင်းထဲပါသွားတယ် မိဘမဲ့တွေဖြစ်ကုန်ရော တစ်ချို့ကျတော့ သားသမီးတွေသေနဲ့
တကယ့် စိတ်မကောင်းစရာကြီး အလောင်းတွေဖက်ဖက်ပြီးငိုတာ အူလှိုက်သည်းလှိုက်အသံကြီးတွေနဲ့ မြင်ရသူတိုင်း လိုက်ငိုချင်လာရော"

ဒေါ်သင်းသင်းနှင့် ဒေါ်တင်ရီမှ တင်မေလှစကားကြောင့် သက်ပြင်းကိုယ်စီချနေကြသည်။

တင်မေလှမှာ မျက်လုံးအနည်းငယ်စွေလို့နေကာ သူ့ယောက်ျားနှင့်သူမှာ မသန်စွမ်းကျောင်းတွင်တွေ့၍ ညားကြသည်ဟုဆိုသည်။

"ညည်းတို့က မုန်တိုင်း သတိပေးတဲ့အသံလေးဘာလေးမကြားကြဘူးလား"

"ဘယ်ကြားကြမတုန်း ကျွန်မတို့ကျွန်းဘက်က မြို့နဲ့လည်းအလှမ်းဝေးတယ် သိပ်ပြီးလည်း ရေဒီယိုသတင်းတွေဘာတွေနားမထောင်ဖြစ်ဘူး ရေဒီယိုဆိုသီချင်းအစီအစဉ်လောက်ပဲ နားထောင်ဖြစ်တာ အိုး သတင်းကြားတဲ့လူတွေလည်း သိမ်းဆည်းဖို့မပြောနဲ့ဘေးလွတ်အောင်ပြေးဖို့တောင် မမှီကြပါဘူးတော် မုန်တိုင်းတိုက်ဖို့ ဖင်နားကပ်မှာထကြေညာတော့ ဘာသွားလုပ်လို့ရတော့မှာပဲ "

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now