"ကျစ်ယန်၊ ဖန့်ကျွင်းရုံက ဘာပြောတာလဲ။" ကျန်းကျစ်ယန်ရဲ့ ဦးလေး ဘော့စ်စွင်းက မေးသည်။ သူသည် ဟုန်ယန်ကော်ပိုရေးရှင်းရဲ့ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။ ဟုန်ယန်ကော်ပိုရေးရှင်းသည် ခေါင်းလျှော်ရည်နှင့် ဆံပင်ပြန်ပေါက်စေသော ထုတ်ကုန်များကို အဓိကထား ထုတ်လုပ်သည်။ ယခင်က ဖန့်ကျွင်းရုံ ရောင်းချခဲ့သော အလှအပဆေးလုံးများသည် သူတို့ကုမ္ပဏီ၏ အဓိကလုပ်ငန်းနှင့် နယ်ပယ်ခြင်း မတူညီသောကြောင့် ထိုနယ်ပယ်တူသည့် အခြားကုမ္ပဏီလုပ်ငန်းများ သွေးရူးသွေးတန်းဖြစ်နေတာကို ပျော်ပျော်ရွှင်ရွှင်ကြီး ထိုင်ကြည့်နေခဲ့သည်။ ဖန့်ကျွင်းရုံက သူမရဲ့ ဆံပင်ကြီးထွားဆေးခရင်မ်အကြောင်း ကြိုတင်မိတ်ဆက်သောအခါတွင် သူတို့ကို တကယ်ထိတ်လန့်သွားစေခဲ့သည်။

တစ်ဖက်တွင်၊ သူတို့က ကျန်းကျစ်ယန်ရဲ့ အမိန့်အတိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်မူ သူတို့သည် အင်တာနက်ပေါ်တွင် မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ဂုဏ်သတင်းအား ပျက်ယွင်းသွားစေဖို့ လုပ်ဆောင်ခဲ့သည်။ သို့သော် ဖန့်ကျွင်းရုံသည် Duchess Capetနှင့် တကယ်ပဲ သူငယ်ချင်းဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြသည့်အပြင် Duchess Capetက သူမအတွက် အမှန်တကယ် ကြော်ငြာပေးဖို့ကိုပင် တောင်းဆိုခဲ့သည်။ နောက်ဆုံး၌ သူတို့ရဲ့ အစီအစဥ်များကို ပျက်ယွင်းသွားစေခဲ့ပြီး သူတို့ရဲ့လုပ်ရပ်တွေက မိန်ဖုန့်ကော်ပိုရေးရှင်းအတွက် အခမဲ့ ကြော်ငြာတွေ ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူ့ကို တူဖြစ်သူက ဖန့်ကျွင်းရုံနှင့် ဆက်သွယ်ပေးနိုင်ကြောင်း၊ နှစ်မိသားစုကြား စီးပွား‌ရေး ပူးပေါင်းနိုင်မလား ဆိုတာကို မေးမြန်းပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖန့်ကျွင်းရုံသည် အဆင့်မြင့်လမ်းကြောင်းကို သွားနေစဥ် သူတို့က အနိမ့်ဆုံးကို ရယူနိုင်သည်။ သူ ဒီကို ရောက်လာသည့်အချိန်တွင် သူ့တူလေးက ဖုန်းပြောရင်းတန်းလန်း ဖြစ်နေတာကို တွေ့လိုက်ရသည်။

ကျန်းကျစ်ယန်က အသက်ပြင်းပြင်းရှူပြီး သူ့နှုတ်ခမ်းထောင့်စွန်းများကို တင်းတင်းစေ့လိုက်သည်။ "ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ ရှိနေမှန်း သူမ သိနေပုံရတယ်။ သူမ ဖုန်းပြောတဲ့အသံအရ အရမ်းဒေါသထွက်နေတဲ့ပုံပဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now