ဖန့်ကျွင်းရုံက ထိုနယ်ပယ်အကြောင်း အများကြီး မသိပဲ အပေါ်ယံလောက်သာ သိရှိလေသည်။ သူမကို သူတို့ရဲ့ တရားသူကြီးအဖြစ် ဆောင်ရွက်ခိုင်းခြင်းသည် သူတို့ကို မှားယွင်းသော လမ်းကြောင်းပေါ်သို့ ဦးတည်စေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ပါရမီရှင်ကြယ်ပွင့်များ ရွေးချယ်သည့် အစီအစဥ်များနှင့် ပတ်သက်၍ အတွေ့အကြုံများရှိခဲ့ပြီး သူတို့နှင့် သက်ဆိုင်ရာ နယ်ပယ်မှ ဒါရိုက်တာ အနည်းငယ်ကို သိရှိပြီး သူမရဲ့ သမီးများအား သူတို့နှင့် ဆက်သွယ်ရမည့် အချက်အလက်များအား ပေးခဲ့လေသည်။ ထိုနည်းဖြင့် သူတို့ကို စိတ်ပျော်ရွှင်စေခဲ့သည်။

လီရှင်းယွင်သည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ရရှိပြီးနောက် ကျုံးရီနှင့် ပျော်ရွှင်စွာ ဆွေးနွေးရန် ပြန်လာခဲ့သည်။

တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ လီရှင်းယွင်သည် သူငယ်ချင်းတစ်ယောက်ဆီကနေ ရုတ်တရတ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

"ရှင်းယွင် ရေပန်းအစားဆုံးစာရင်းက ပို့စ်တစ်ခုကို သွားကြည့်စမ်းပါ။ အဲ့တာက နင့်ကားနဲ့ တူသလိုပဲ။"

"အရူးအချို့က နင့်ကားကို ဓာတ်ပုံရိုက်ခဲ့ပြီး အခု အဲ့တာက ရေပန်းအစားဆုံးစာရင်း ရောက်နေပြီ။"

"နင် ရှင်းလင်းချက်တစ်ခု တင်သင့်တယ်။ နင့်ရဲ့ ကျော်ကြားမှုကို ပျက်စီးဖို့ ကြိုးစားနေတဲ့ မကောင်းတဲ့လူတွေက အမြဲရှိနေလိမ့်မယ်။"

လီရှင်းယွင်က ဘာဖြစ်နေတာလဲ ဆိုတာကို လုံးဝ နားမလည်ပေမယ့် သူမသည် အသေးစိတ် အကြောင်းအရာကို မေးမြန်းခဲ့ပြီး သူမကိုယ်တိုင် အွန်လိုင်းပေါ်တွင် ရှာကြည့်ခဲ့သည်။

လျင်မြန်စွာပင် ရေပန်းအစားဆုံးစာရင်း၏ ထိပ်ဆုံးမှာရှိတဲ့ သတင်းဆောင်းပါးသည် သူမရှေ့တွင် ပေါ်လာခဲ့သည်။

[နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ အပြင်ဖက်မှာ ရပ်တန့်ထားသည့် ဇိမ်ခံကားတစ်စီး၊ နာမည်ကြီးတက္ကသိုလ်က အမျိုးသမီးကျောင်းသူတွေက အကျင့်ပျက်နေကြပြီလား။]

နာမည်ကြီးတက္ကသိုလ်နှင့် ဇိမ်ခံကားများ ကိုယ်တိုင်ကပင် အာရုံစိုက်မှုများစွာကို ဆွဲ‌ဆောင်နိုင်သည့်အရာများ ဖြစ်နေကြပြီ။ အလွန်ဆွဲ‌ဆောင်မှုရှိသော ခေါင်းစဥ်ကို တပ်လိုက်ခြင်းအားဖြင့် ထိုဆောင်းပါးကို ဖတ်ရှုသူ များစွာ ရရှိစေခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ ထိုသတင်းဆောင်းပါးအောက်ရှိ မှတ်ချက်များကို ကြည့်လျှင် အလွန် အမြင်ကွဲနေတာမျိုးတွေကို တွေ့ရသည်။ အငြင်းပွားမှုများသည် အလွန်အစွန်းရောက်စွာ ပြောဆိုကြသည်။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်း မဆိုင်ရသည့်အတွက်ကြောင့် အင်တာနက်ပေါ်က စကားများစွာသည် အလွန်အစွန်းရောက်ကြသည်။ သူတို့သည် အဖြူ အမည်း မကွဲပြားပဲ အဓိပ္ပါယ်မရှိတာတွေကို လျှာအရိုးမရှိတိုင်း ပြောဆိုကြသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now