အခန်း ၁၉

835 106 0
                                    

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း

အခန်း (၁၉) (က)


"မင်း- မင်းဘာလို့ အဲ့ဒီ ကျိုးစစ်ယွီကို စိတ်တိုနေရတာလဲ။ အခုလေးတင် လူရွေးပွဲမှာ ငါက သူမကို လဲပစ်ချင်တယ်လို့ ပြောတာနဲ့ ကျီလင်းက ချက်ချင်း ငြင်းဆိုခဲ့တာကို မင်းသိလား။" ဟိုတယ်စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲတွင် ဥက္ကဌဝမ်က ရှုချင်းဝမ်အား စိတ်ပျက်နေသော အမူအရာဖြင့် ရှင်းပြနေခဲ့သည်။ "ကျီလင်းက ကျီမိသားစု၏ သခင်ငယ်လေးလေ။ သူ ပါးစပ်ဖွင့်လိုက်တာနဲ့ ဒီမျက်နှာကို ငါက မနာခံဘဲနေလို့ရမလားကွ။ သူက ကျိုးစစ်ယွီကို အရမ်းကာကွယ်နေတာဆိုတော့ သူတို့နှစ်ယောက်က သီးသန့်ခင်မင်မှုမျိုး ရှိကောင်းရှိနိုင်တယ်။ ဒီအသေးအဖွဲကိစ္စကြောင့် ကျီလင်းက ပြန်သွားပြီး သူ့မိဘတွေကို တိုင်လိုက်ရင် ဘာဖြစ်သွားမလဲ။"

ရှုချင်းဝမ်က သူ့ကို အဖြေပြန်ပေးဖို့ ဆက်တိုက်ဖိအားပေးနေခဲ့၏။ ဥက္ကဌဝမ်မှာ သူမကို ခေါ်ထုတ်ပြီး ရှင်းပြဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ရှုချင်းဝမ်အပေါ် သူ အလွန်ယဉ်ကျေးရသည့် အကြောင်းရင်းမှာ ရှုချင်းဝမ်က သူ့ကို များစွာ အထောက်အကူ ပြုခဲ့သောကြောင့်သာ ဖြစ်သည်။

ပြောရမယ်ဆိုရင် ဒီအမျိုးသမီးက အထင်ကြီးလောက်စရာပုံမပေါ်ဘူးလို့ ဥက္ကဌဝမ် ခံစားခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သူမမှာ အမှန်တကယ် ထူးခြားတဲ့ ထိုးထွင်းသိမြင်ဉာဏ် ရှိနေခဲ့သည်။ ရှုချင်းဝမ်၏ အကြံဉာဏ်ကို နားထောင်ခဲ့ခြင်းကြောင့်သာ ဥက္ကဌဝမ်၏ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်များကို ဖြတ်ကျော်ပြီး အမြတ်အစွန်းများ အများအပြား ရရှိစေခဲ့ခြင်းဖြစ်၏။ သူ့နေရာက ဒီရေအလားတက်လာခဲ့ပြီး ရှုချင်းဝမ်လည်း ရှယ်ယာတွေ အများကြီး ပိုင်ဆိုင်ခဲ့သည်။ ယခု သူမကို အစုရှယ်ယာအသေးစား ကိုင်ဆောင်ထားသူဟု သတ်မှတ်လို့ ရနေပြီ ဖြစ်သည်။

သို့သော် ဥက္ကဌဝမ် နားမလည်နိုင်ပေ။ ရှုချင်းဝမ်က ဒီလောက်မယုံနိုင်လောက်စရာ တော်နေမှတော့ ဘာလို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ခေါင်းသွင်းချင်နေရတာလဲ။ ဘာလို့ ထိုင်ပြီးပဲ ရှယ်ယာအမြတ်တွေကို ယူမနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုချင်းဝမ်သည် သူမအတွက် လမ်းခင်းပေးရန် သူ့အား တောင်းပန်ခဲ့သည်။ ဒီအမျိုးသမီးက တကယ်အသုံးဝင်တာမို့ ဥက္ကဌဝမ်မှာ သူမကို ငြင်းပယ်ဖို့ ခက်ခဲခဲ့သည်။ ရှုချင်းဝမ်၏ ဇာတ်‌ကောင်နေရာကို ရအောင်ကူညီဖို့ ပိုက်ဆံပစ်ပေးလိုက်ရုံဆို အဆင်ပြေသေးတယ်။ ဒါပေမယ့် ကျီမိသားစုကို စော်ကားတာတော့ လုံးဝမကောင်းဘူးလေ...
"ကျီလင်း၊ သူ......" ရှုချင်းဝမ်၏ ဒူးပေါ်ရှိ လက်များသည် မသိစိတ်ဖြင့် သူမ၏ စကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိ၏။ သူမ မျက်လုံးထဲရှိ မကျေနပ်မှုများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။ သူမ အပြုံးတစ်ခုကို ညှစ်ထုတ်ဖို့ ကြိုးစားလိုက်ပြီး ဥက္ကဌဝမ်ကို ပြောလိုက်သည်။ "ရှင်ဘာတွေစိတ်ပူနေလဲ ကျွန်မသိပါတယ်။ ရှင် စိတ်ချပါ။ ကျီမိသားစုက ကျိုးစစ်ယွီကို မကူညီမှာ သေချာပါတယ်။”

ဥက္ကဋ္ဌဝမ်က စစ်ယွီကို အစားထိုးဖို့ မလုပ်နိုင်ရခြင်း၏ အကြောင်းရင်းကို သိပြီးနောက်၊ ရှုချင်းဝမ်၏ နှလုံးသားသည် ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာလာခဲ့၏။ ရှုချင်းဝမ်သည် သူမ၏ အတိတ်ဘဝတွင် ကျီမိသားစုရဲ့ချွေးမ ဖြစ်ခဲ့သည်။ မဒမ်ကျီ၊ သွမ့်ရူလန်သည် စစ်ယွီအား ဘယ်လောက်မုန်းတယ် ဆိုတာကို သူမထက် ဘယ်သူကမှ မသိနိုင်ပေ။ ဤကမ္ဘာတွင် စစ်ယွီအား ပျောက်ကွယ်သွားဖို့ အမျှော်လင့်ဆုံးသူမှာ သူမ၏မိခင်အရင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်...။
ရှုချင်းဝမ်သည် သူမနှလုံးသားထဲတွင် တိတ်တိတ်လေး တွေးလိုက်သည်။ "တောင်းပန်ပါတယ် ကျီလင်း၊ ကျွန်မလည်း ဒါကိုလည်း မလုပ်ချင်ခဲ့ပါဘူး" ဒါပေမဲ့ ကျီလင်းက ကျိုးစစ်ယွီလို မိန်းမမျိုးနဲ့ ဆက်ပေါင်းနေပါက အမေနဲ့သားကြား ကွဲလွဲမှုဖြစ်စေမှာ သေချာပေသည်။ သူမအနေနဲ့ ဒီလိုအခြေအနေမျိုးမဖြစ်အောင် ကြိုတင်တားဆီးထားခဲ့တာက ကျီလင်းကောင်းဖို့အတွက်ပဲ။
အနှေးနှင့်အမြန် ကျီလင်းက သူမရဲ့ ဒုက္ခခံပြီး ကြိုးစားခဲ့ရတာကို နားလည်လာလိမ့်မယ် ...
ချင်ကော်၏ လူရွေးပွဲပြီးဆုံးပြီးနောက် သက်ဆိုင်ရာ ရွေးချယ်ခံရသူများစာရင်းကို ထိုနေ့တွင်ပဲ ထုတ်ပြန်ကြေညာခဲ့၏။ အံ့ဩစရာမကောင်းစွာဘဲ၊ စစ်ယွီသည် သူမနာမည်ကို မြင်လိုက်ရသည်။  သူမသည် လက်အောက်ခံနိုင်ငံ၏ မင်းသမီး ယွင်ဟယ်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။  သူမတွင် ဇာတ်ကွက်များစွာ မပါရှိပေ။ ရက်နည်းနည်းနဲ့ ပြီးသွားနိုင်၏။ ထို့ကြောင့် စစ်ယွီသည် ယွီလင်းအား သတင်းကောင်းပြောပြဖို့ ဖုန်းခေါ်ပြီးနောက် သူမသည် ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးသည့် ဟိုတယ်တွင် တည်းခိုလိုက်ပြီး ရိုက်ကူးမှုစတင်ရန် စောင့်ဆိုင်းနေခဲ့သည်။

သူမ၏ လက်ထောက်အသစ် ချန်ယွဲ့မှာ ဘာမှမလုပ်ဘဲ မနေနိုင်သူတစ်ဦးပင်။ အားလပ်ချိန်ရောက်တာနဲ့ သူမသည် စစ်ယွီကို ဆွဲပြီး ဆယ်လ်ဖီရိုက်ရတာကို နှစ်သက်ပေသည်။ ရက်အတော်ကြာပြီးနောက် သူမဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်မှာ လုံးဝပြည့်သွားခဲ့၏။ သူမ အရမ်းစိတ်အားထက်သန်နေတာကို မြင်ရတော့ စစ်ယွီသည် ချန်ယွဲ့အား သူမ၏ ဝေ့ပေါ်အကောင့် "ကျိုးစစ်ယွီ" ကို စီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်သည်။ ချန်ယွဲ့သည် တန်ဖိုးအရှိဆုံး ရတနာကို ရလိုက်သလိုပင် တစ်ရက်ကို ကျိုးစစ်ယွီ၏ ပုံ ကိုးပုံလောက် ပုံမှန်တင်နေခဲ့၏။

".. အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား။  နင်မကြာခဏ ပို့စ်တင်နေရင် သူတို့က အဲ့ဒီအလှကို ငြီးငွေ့လာမှာ မဟုတ်ဘူးလား။" တကယ်တော့၊ စစ်ယွီသည် ချန်ယွဲ့၏ ဆဲလ်ဖီရိုက်ခြင်းကို အသည်းအသန် ချစ်မြတ်နိုးနေခြင်းအား နားမလည်နိုင်ခဲ့ပေ။ သူမအမြင်အရဆိုရင် သူမဆွဲထားတဲ့ရုပ်ပုံလေးတွေက သူမကိုယ်တိုင်ပုံတွေထက် ပိုချစ်စရာကောင်းပေသည်။ ထို့အပြင် သူမသည် နေ့တိုင်း နေမကောင်းဖြစ်နေပုံ ပေါက်နေသည်။ ဒါက ဘာတွေများ ဒီလောက်ကြည့်ကောင်းနေမှာမို့လဲ ....

ချန်ယွဲ့သည် ကင်မရာကို ချိန်ပြီး ပြောလိုက်သည်။ "စစ်ယွီကျဲ၊ ပရိသတ်တွေ အားလုံး အစ်မကို မကြာခဏ တွေ့ချင်နေကြတာ။ ကျွန်မတို့ ငါးပြုတ်ထဲမှာ အစ်မရဲ့ပုံတွေကို အားကိုးပြီး အစ်မကို တခြားသူတွေဆီ ပြချင်နေတဲ့လူတွေ အများကြီးရှိတယ်။ အထူးသဖြင့် "ပြုတ်ထားတဲ့ ငါးခေါင်း" ဆိုတဲ့ စိတ်ကူးယဉ်ဖန်လေးပေါ့။" သူတို့က စစ်ယွီရဲ့ ဝေ့ပေါ်အောက်မှာ သူတို့ရဲ့ချစ်ခြင်းတွေကို တစ်နေ့အကြိမ်ရှစ်ရာလောက် ဖော်ပြနေကြတာဖြစ်သည်။ ချန်ယွဲ့သည် အခု ဝေ့ပေါ်ကို စီမံခန့်ခွဲနေရတာဖြစ်သောကြောင့် သူမသည် ထို "ပြုတ်ထားတဲ့ငါးခေါင်း" ဆီက နေ့စဉ် ကောင်းသောနံနက်ခင်းပါ၊ ကောင်းသောညပါ ဆိုတဲ့ နှုတ်ဆက်စကားများအပြင် ဘယ်ကနေ စုစည်းထားလဲ မသိရသည့် ကျန်းမာသော နေထိုင်မှုပုံစံ လျှို့ဝှက်ချက် အမျိုးမျိုးကိုလည်း နေ့စဉ်ရရှိနေတာဖြစ်သည်။

စစ်ယွီ: "ပြုတ်ထားတဲ့ ....  ဘာကြီး ။"

ချန်ယွဲ့သည် သူမ လွှတ်ခနဲ ပြောမိသွားသည်ကို သတိထားမိပြီး အမြန်ဖုံးကာ ရှောင်တိမ်းပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး" သူမသည် စစ်ယွီဆွဲထားသော ပုံကြမ်းကို ကြည့်ပြီး စပ်စပ်စုစုမေးလိုက်၏။ "စစ်ယွီကျဲ၊ ပုံဘယ်လိုဆွဲရမလဲ သိတယ်ပေါ့။"

စစ်ယွီခေါင်းညိတ်လိုက်ပြီး "အင်း၊ ငါ အပျော်ဆွဲနေတာ"

သူမ အဲဒီမှာ အချိန်အတော်ကြာနေရမယ်လို့ ခန့်မှန်းထားတာကြောင့် စစ်ယွီသည် ချန်ယွဲ့အား သူမရဲ့ ပုံဆွဲကိရိယာတွေကို ထုပ်ပိုးပြီး သူတို့နဲ့အတူ ယူဆောင်လာဖို့ အထူးတောင်းဆိုခဲ့သည်။ အဲ့တော့ ဒီလိုအားလပ်ချိန်တွေရရင် ဟိုတယ်မှာနေရင်းနဲ့ သူမရဲ့ ကောမစ်ကို ဆက်ပြီး ဆွဲနိုင်တယ်လေ။

'ဖက်ရှင်‌ လောက၏ အခက်အခဲများ' သည် အခန်းများစွာရောက်နေပြီဖြစ်သည်။ လက်ရှိတွင်၊ စစ်ယွီသည် ချွီမန်မှ ရာထူးတိုးထားသော စာရေးဆရာလေးဖြစ်၏။ ထို့အပြင် အခု သူမရုပ်ပြသည် အလွန်ရေပန်းစားလာသဖြင့် လူများသည် ပုံမှန် လစဉ်ထုတ် မဂ္ဂဇင်းများတွင် ရုပ်ပြများကို လိုက်ကြည့်နေခြင်းထက် အင်တာနက်ပေါ်တွင် အတွဲလိုက် ရုပ်ပြများ ဝင်ရောက်ကြည့်ရှုဖို့က ပိုအဆင်ပြေကြောင်း တွေ့ရှိလာကြသည်။  ဒီလှုပ်ရှားမှုရဲ့ ရှေ့ဆောင်တစ်ယောက်အနေနဲ့ စစ်ယွီသည် သိပ်မကြာခင်ပဲ ရေပန်းစားလာခဲ့ပြီး @နောက်ထပ် နှစ်ငါးရာကြာအောင် နေနိုင်မဲ့ ခိုအီငါးလေး ၏ ဝေ့ပေါ်သည် ပရိတ်သတ် နှစ်သိန်းကျော်ကို စုဆောင်းနိုင်ခဲ့၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က တည်းဖြတ်သူ မူယန်သည် ထုတ်ဝေသူအချို့နှင့် သူမ၏လက်ရာများကို ဆွေးနွှေးခဲ့ကြပြီး ယခု စာအုပ်ထုတ်ဝေဖို့ကိစ္စကို ညှိနှိုင်းနေကြကြောင်း စစ်ယွီအား ပြောပြခဲ့သည်။ ဘာပြဿနာမှမရှိဘူးဆိုရင်၊ ကောမစ်၏ ပထမဆုံးတည်းဖြတ်မှုသည် ဒီနှစ်ကုန်မှာ ဈေးကွက်ထဲရောက်လာမှာဖြစ်သည်။

ဒီသတင်းကြားရပြီး စစ်ယွီမှာ အလွန်ပျော်ရွှင်သွားရသည်။ သူမသည် သူမ၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှုရှိပေမယ့် သူမရဲ့ရုပ်ပြကို လူတော်တော်များများက သတိထားမိအောင် လုပ်နိုင်တာကတော့ တကယ်ပဲကောင်းလှသည်။ စိတ်လှုပ်ရှားစွာဖြင့် သူမသည် ရိုက်ကူးမှုမစတင်မီ အချိန်ကို အမြန်အသုံးချခဲ့၏။ သူမသည် ဟိုတယ်တွင် ပုန်းနေခဲ့ပြီး ပိုင်ပိုင့်ကို မော်ဒယ်အဖြစ်ယူထားသော အော်တစ်ဇင်အကြောင်း ကာတွန်းတိုကို ပြန်လည်ပြင်ဆင်ခဲ့သည်။  ထို့နောက် မူယန့်ထံသို့ ပို့လိုက်၏။


အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now