ခပ်နောက်နောက် ကန်ရေပြင်ကြီးကို မျက်နှာမူလျက် ဧကရီ့ကို ကျောပေးထားသော အရှင်က ခွင့်ပြုလျှင် ဧကရီ တစ်စုံတစ်ခုကို ဖွင့်ပြောဖို့အတွက် အားမွေးမိသည် ။ ဤအရာကို ပြောဖို့လည်း ဧကရီ အခေါက်ခေါက်အခါအခါ တွေးခဲ့ရ၏ ။ ​နောက်ဆုံးတော့ ဧကရီ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည် ။

" ကျွန်မ အိမ်ပြန်တော့မလို့ပါ လူကြီးမင်း "

ဧကရီ၏အသံသည် အဆုံးသတ်တွင် တိမ်ပါးသွားသည် ။ ဤစကားကို ပြောဖို့အတွက် ဧကရီမည်မျှ ကြိုးစားခဲ့ရသည်ကို အရှင် သိနိုင်လျှင် ကောင်းမည် ။ နောက်ဆုံးတော့ ဂျက်ခ်နှင့် အဝေးဆုံးကို ထွက်သွားဖို့ ဧကရီ ဆုံးဖြတ်ခဲ့သည် ။ ထိုအခါ အရှင်က ထိတ်လန့်စွာဖြင့် ဧကရီ့ကို လှည့်ကြည့်လျှင် ဧကရီ မျက်နှာချင်းမဆိုင်ရဲသဖြင့် ခေါင်းကိုသာ အနည်းငယ် ငုံ့ထားလိုက်မိသည် ။

" ဘယ်လိုအကြောင်းကြောင့်လဲ ။ ဒီမှာ နေရတာ မပျော်မွေ့ဘူးလား "

" ဟုတ်ပါတယ် ။ ကျွန်မက ပန်းခင်းတွေနဲ့ စိမ်းစိုနေတဲ့ သဘာဝရဲ့အလှတရားကို နှစ်သက်တဲ့လူမို့ ဒီနေရာက ကျွန်မနဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ် ။ ပြီးတော့ ကိုယ်နဲ့ နေထိုင်ပုံခြင်းမတူတဲ့ လူသားတစ်ယောက်ကို ခေါ်ထားရတယ်ဆိုတာ အတော်ကိုပဲ အလုပ်များလှပါတယ် ။ အစားအသောက်ကအစ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံးဆိုတော့ ကျွန်မလည်း အားနာလို့ပါ ။ ဒါကြောင့် ကျွန်မ အိမ်ပြန်တာပဲ ကောင်းမယ်ထင်ပါတယ် "

ဧကရီ၏ဖြေရှင်းချက်များကို အရှင်က အလေးအနက် နားထောင်၍ ခေါင်းတညိတ်ညိတ် လုပ်ကာ တုံ့ပြန်သည် ။ အမှန်တကယ်တွင်တော့ သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေမည်ကို ဧကရီ သိပါသည် ။

" ဒါဆို ကိုယ် ပြောထားတာကိုရော စဥ်းစားမပေးတော့ဘူးလား "

" လူကြီးမင်းရဲ့မေတ္တာကို နားလည်ပေမဲ့ ယဥ်ကျေးစွာနဲ့ပဲ ငြင်းပါရစေ ။ အမှန်အတိုင်း ပြောရရင် လူကြီမင်းသာ အဲ့ဒီစကားကို ဆုတောင်းပွဲတော်ရဲ့နောက်နေ့တွေမှာ ပြောခဲ့မယ်ဆိုရင် ကျွန်မ လက်ခံခဲ့မိမှာပါ ။ ဒါပေမဲ့ အခုတော့ ကျွန်မ တကယ်ပဲ လူတစ်ယောက်ဆီမှာ ကျရှုံးသွားခဲ့တယ်နဲ့ တူပါတယ် "

LS : AMITYWhere stories live. Discover now