နှစ်ယောက်သားမနက်စာ စားသောက်ကြပြီးနောက်တွင်တော့ မိမိတို့နှင့်အတူတကွပါလာသည့် အထုတ်အပိုးပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။
ထို့နောက် ကျောပိုးအိတ်များကို ကိုယ်စီလွယ်ပြီး ဓာတ်မီးကိုယ်စီကိုင်ကာ ဂူအတွင်းသို့ ဝင်ရောက်ကြတော့၏။
ဂူအတွင်းထဲသို့ရောက်လေလေ အေးစိမ့်စိမ့်ခံစားရလေပါပင်။
ကျောက်စက်ပန်းဆွဲများမှ ရေစက်များက တစ်တောက်တောက်စီးကျနေပြီး ဂူပေါက်ဝနှင့် အတော်ဝေးဝေးသို့ရောက်သည့် အချိန်တွင်တော့ တဖြည်းဖြည်းဂူက အောက်ဖက်သို့နိမ့်ဆင်းသွားတော့၏။
ဂူအတွင်းပိုင်းတွင်တော့ ဂူအမိုးနှင့် ဂူနံရံများက ကျောက်သားများဖြစ်သော်ငြားဂူအောက်ဖက်မျက်နှာပြင်ကတော့ ရွံ့မြေပျော့ပျော့များ ဖြစ်သည်။
"အိုး သန့်စင်တဲ့သဘာဝမြေတွေပဲ ... အကုန်လုံးကို သယ်သွားလို့ရရင်ကောင်းမယ်"
နေသန်က နှမြေတသစွာဖြင့် မြေပြင်အားကြည့်ကာ ရေရွတ်လိုက်သည်။
ထိုမြေများဖြင့်ဆိုလျှင် သူ သဘာဝအပင်များစိုက်ရာတွင် ဗီဇပြောင်းလိမ့်မည် မဟုတ်။
ထို့အပြင် သဘာဝအပင်၏ စွမ်းအင်သတ္တိလည်း လျော့ကျမှုနည်းပါးပေလိမ့်မည်။
နေသန်၏ အတွေးနှင့် မတူညီစွာ ပြေသစ်အတွက်ကတော့ ထိုမြေများကတန်ဖိုးမရှိတော့သလောက်ပါပဲ။
အကြောင်းကတော့ သူ့တွင် ဤသဘာဝမြေကြီးထက်များစွာကျယ်ပြန့်ပြီး စွမ်းအင်ပိုမိုကြွယ်ဝသည့် စိတ်စွမ်းအင်နယ်မြေတစ်ခုလုံးရှိသည်မဟုတ်ပါလား။
နှစ်ယောက်သားရှေ့ဆက်သွားကြရင်း တစ်နေရာအရောက်တွင်တော့ ဂူနံရံကပိတ်လုနီးပါးဖြစ်နေကာ လူတစ်ယောက်လေးဖက်ကုန်းပြီးဝင်လို့ရသည့် အတိုင်းအတာသာရှိသည့် အပေါက်တစ်ခုကို တွေ့လိုက်ရ၏။
နေသန်နှင့် ပြေသစ် ထိုအပေါက်ငယ်အတွင်းအား ဓာတ်မီးဖြင့် ထိုးကြည့်လိုက်တော့ လမ်းကြောင်းရှည်ကြီးတစ်ခုကို တွေ့လိုက်ရတော့သည်။
YOU ARE READING
ပြန်လည်နိုးထလာပြီးနောက် အလှလေးကိုပျိုးထောင်ဖို့ အခွင့်အရေးရလာတယ်
Adventureကမ္ဘာပျက်ကပ်ပြီးလို့ အနှစ်ရှစ်ဆယ်ကျော်အကြာ စွမ်းအားရှင်တွေရဲ့ ကမ္ဘာကို အခြေခံပြီး ရေးသွားမှာပါ။ Update ကတော့ ကြာပါမယ် ဟဲဟဲ။