"ဘာလို့လဲ" ထပ်မံမေးလာသည့် ကိုကိုကြီး အသံက နူးညံ့သည့်တိုင် ခွန်းနစ် မဖြေရဲပါ။ ‌ကိုကိုကြီး ကျောဘက်မှ ဖေဖေနှင့်အကြည့်ဆုံသည့်အခါ ဖေဖေ့မျက်ဝန်းတွေ လေးလံ‌လွန်းနေတာကို မြင်လိုက်ရသည်။ စိတ်မကောင်းသလို အပြစ်မကင်းသလို အကြည့်တွေဟာ ဖေဖေ သိထားတာ တစ်ခုခုရှိကြောင်း ဖော်ပြနေသယောင်ယောင်။

"ကျွန်တော် တွေ့ချင်တာရှိ..."

"ပြီးမှ ပြီးမှ ဖေဖေတို့တွေ့ကြမယ်"

ချက်ချင်းပဲ အသံကို မြှင့်လျက် ဖေဖေက အနားရောက်လာသည်။ ကိုကိုကြီး လက်တွေကိုပင်ကျော်ကာ ခွန်းနစ်ကို တွဲလာသည့်လက်တွေက နောက်ပြန်ဆုတ်ဖို့ အမိန့်ကြီးကြီး ပေးနေပါသလို။ တင်းခံနေပြန်သည့်အခါ တောင်းဆိုတိုးလျှိုလာသည့် ဖေဖေ့ မျက်ဝန်းတွေက ခွန်းနစ်ရဲ့ စိတ်အားထက်သန်မှုကို ရိုက်ချိုးတော့မည့် လှိုင်းလုံးများအလားပင်။

"ခုတော့ သား ခဏနားပါ"

"..."

"ဖေဖေ ကတိပေးတယ်။ သား သူ့ကို တွေ့ရမယ်ဆိုတာ"

ခွန်းနစ် ခြေလှမ်းတွေ နောက်ဆုတ်သည့်အခါ ကိုကိုကြီးက တစ်ဖက်မှ ကူထိန်းပေးသည်။ ကုတင်ဘေးမှာ ဝေဖြိုးနိုင် ရပ်နေဆဲဆိုပေမဲ့ သူ ဘယ်လို ပုံစံဖြစ်နေမည်ဆိုတာ ခွန်းနစ်မသိ။ ရှုပ်ထွေးနေသည့် စိတ်အစုံနှင့်အတူ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေကြားမှာ ဒေါသတရားကသာ ကြီးစိုးနေခဲ့သည်။ ကုတင်ပေါ်မှာ လှဲချလိုက်ပါသည့်တိုင် ခွန်းနစ်ဟာ အနည်းငယ်မျှသော သက်တောင့် သက်သာမှုကိုပင် မခံစားခဲ့ရချေ။

ထိုအစား ကိုယ့်ကိုယ်ကိုယ် အားမရမှု ၊ စိတ်ရှိတိုင်း မလုပ်နိုင်သည့် အခြေအနေကို မုန်းတီးမှုတို့ကြောင့် အသက်ရှူသံတို့က ပြင်းထန်လာကာ ရင်ဘတ်ဟာ သိသာလွန်းစွာ နိမ့်ချည်မြင့်ချည် ဖြစ်လာတော့၏။

"တာဝန်ခံ ဆရာဝန်က ဘယ်သူလဲဖေဖေ။ ဖိုးသားရဲ့ chartကို သား တစ်ချက်လောက် ကြည့်ခွင့်ရရင်ကောင်းမယ်"

"သားက ဆရာဝန်ပဲ ယူကြည့်လို့ရမှာပါ"

"ဆရာဝန်က မိသားစုဝင်ကို ကုသခွင့် မရတာ အကောင်းဆုံးပဲ ဖေဖေရဲ့။ ဒီတိုင်း မိသားစုဝင်အနေနဲ့ ဖိုးသားအခြေနေကို စနည်းနာချင်တာပါ။ လောလောဆယ်တော့ ဖိုးသားက နားဖို့လိုနေတဲ့ပုံပဲ။ အခုလို ပုံစံမျိုးကို သိပ်သဘောမကျဘူး"

friEND(COMPLETED)Where stories live. Discover now