Part 13

59.9K 5.2K 1.2K
                                    

<Unicode>
မြို့တော်ထဲတွင် လူသံများဖြင့်ဆူညံနေ၏။မြို့ဈေးက လူစည်ကားနေပြီး ဈေး‌ဆိုင်များ မုန့်ဆိုင်များကလည်း ဈေးလမ်းတစ်လျှောက်ပြည့်လျှံနေသည်။သူရပြည့်စုံ ဈေးလမ်းလေးကို ကြည့်ကာ စိတ်ထဲ ပျော်ရွှင်လာသည်။

ရာဇ်ရဲ့မြို့တော်နှင့်မတူသည့်အချက်က ဒီ‌မြို့တော်မှ လူတွေအားလုံးက ရှေးကျပေမဲ့ သာမန်လူများရဲ့ပုံပန်းသဏ္ဍာန်ရှိကြသည်။မိန်းမပျိုလေးများမှာလည်း လှပကျော့ရှင်းကြပြီး အစားအသောက်များကလည်း လူ့လောကမှအတိုင်း စားချင်စဖွယ်ဖြစ်သည်။သူရပြည့်စုံ မုန့်တွေကို ကြည့်ကာ သွားရည်ကျလာသည်။

ဒီကိုရောက်ထဲက အသီးတွေချည်းပဲ စားခဲ့ရတာမလား။အခု မုန့်လေးတွေကို မြင်တော့ စားချင်လာပြီ။

ငွေရာဇ်က သူရပြည့်စုံအကြည့်တွေကို နားလည်သည့်အလား မုန့်လက်ကောက်ဆိုင်ကို သွားပြီး ဝယ်ခဲ့သည်။သူရပြည့်စုံ မျက်နှာလေးက ထန်းလျက်ရည်ဆမ်းထားသည့် မုန့်လက်ကောက်လေးတွေကို မြင်တော့ ပြုံးရွှင်သွား၏။မုန့်လက်ကောက်တစ်ခုကို ယူလိုက်ပြီး ပါးစပ်ထဲ ထည့်ခါနီးမှ ရာဇ်ကို သတိရသွားပြီး ပြုံးပြသည်။

"ဒါက ကောက်စားတာ မဟုတ်ပါဘူးနော်"

ရာဇ်က မည်သည့်အမူအယာမှ မပြ။သူရပြည့်စုံ စိတ်ထဲ ပျော်ရွှင်သွားပြီး ခပ်မြန်မြန်ထည့်လိုက်ကာ ဝါးစားလိုက်သည်။ထူးခြားသည့်ချိုအီအီအရသာလေးမှာ လျှာဖျားတွင် ပျော်ကျသွားလေသည်။သုံး‌ယောက်သား ဈေးတန်းထဲမှာ တိုးဝှေ့ခဲ့ကြပြီး အကြီးဆုံးအိမ်တော်ရှေ့တွင် ရပ်လိုက်ကြသည်။

အိမ်တော်က ဘုန်းကြီးကျောင်းများလို ဘုံပြသာဒ်များပါပြီး ရွှေရောင်တလက်လက်တောက်ပနေ၏။ပုံပြင်တွေထဲမှ ‌ရွှေနန်းတော်ကြီးနှင့်တောင် ဆင်တူနေသေးသည်။အိမ်တော်ထဲတွင်လည်း လူများစည်ကားနေသည်။ဆိုင်းဝိုင်းသံက အိမ်တော်တွင်းမှ ပျံ့လွှင့်နေသည်။မြူးကြွပြီး တက်ကြွလှုပ်ရှားသည့် တေးသံမျိုး။

တံခါးမကြီး‌ကို အစေခံသုံးယောက်က ဖွင့်ပေးပြီး မြေတွင်ဝပ်တွားကာ အရိုအသေပေးသည်။သူရပြည့်စုံ မနေတတ်တာကြောင့် လက်ချောင်းလေးတွေနှင့် အင်္ကျီအနားစကို ဆုတ်ခြေလိုက်သည်။ရာဇ်နှင့်ငွေရာဇ်တို့ကတော့ ပုံမှန်အတိုင်းပင် အထဲဝင်သွားသည်။ရာဇ်နောက်သို့ ခပ်မြန်မြန်လိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now