စားပွဲခုံအောက်က ခွန်းနစ် လက်တွေ တင်းနေအောင် ဆုပ်မိသွားသည်။ မဲ့ချင်လာသော မျက်နှာကို ပြုံးယောင်သမ်းသာ ထိန်းနေပေမဲ့ အတွင်းစိတ်မှာတော့ ဟာသတစ်ခုလို တဟားဟား အော်ရယ်ချင်လာ၏။

ဘာမှ မပေးထားဘူးတဲ့ လူဆီကနေ ဘာကိုများ မျှော်လင့်နေပါလိမ့်။ မျက်စိထဲမှာ နေချို ဆင်းဆင်းရဲရဲ နေခဲ့တဲ့ ညစ်ပတ်သည့် အဆောင် အပေါ်ထပ်ကို မြင်ယောင်လာသည်။ အနာဖေးပင် မကွာချင်သေးသည့် နေချို့ ခြေထောက်က ခြင်ကိုက်ရာတွေ၊ ဖြစ်သလိုနေလွန်း၍ အဖုထစ်တွေဖြစ်ခဲ့တဲ့ နေချို့မျက်နှာပါ ပေါင်းလိုက်တော့ တကယ် အသိဝင်ဖို့လိုတာ ဘယ်သူများလဲ ဟုပင် ရွတ်တွတ်တွတ် မေးပစ်ချင်လာ၏။

"မောင်ရင်က သူ့အကြောင်းရော သိရဲ့လား။ ဘာကို မက်မောစရာရှိလို့ ပက်သက်နေသလဲ မသိပေမဲ့ မိဘဖြစ်တဲ့လူ‌တောင် သူ့လုပ်ရပ်တွေကို နားလည်ပေးလို့မရဘူး။အဲ့ဒီလို ဆိုတော့ ဘေးက ဒဏ်တွေမပါပဲနဲ့တောင် မောင်ရင်တို့ ရေရှည်မြဲမယ်ထင်လား"

ရှေ့နေပီပီ သိမ်းသွင်းပြောဆိုနေသော ဦးသောတမောင်ရဲ့စကားတွေက မသိသူသာဆို သူ့ရဲ့ ဂုဏ်သိက္ခာတွေ ဂုဏ်ပုဒ်တွေကို အခြေပြုပြီး စိတ်ပင်ယိုင်သွားချင်လောက်၏။ ခွန်းနစ်က တလှုပ်လှုပ်ဖြစ်နေသည့် ထိုပုဂ္ဂိုလ်၏ လည်ဇလုပ်ကိုကြည့်ကာ စိတ်တိုင်းကျ ပြောဖို့ အရင်ခွင့်ပြုထားလိုက်သည်။ ခုလိုဖြစ်လာတော့ ပိုတောင် သေချာသွားသေး၏။ နေချို့ကို အထင်မြင်သေးနေသည့် ဖခင်ဆီမှာ ဒီအတိုင်းမထားနိုင်ဘူးဆိုသော အတွေးက ချက်ချင်းဆိုသလို ခိုင်မာလာသည်။

"ငယ်ငယ် ကတည်းက သိခဲ့ဖူးကြတယ်လို့ ပြောတယ်"

"ဟုတ်ကဲ့"

"မောင်ရင်တို့ ကိစ္စတွေကို ထားလိုက်တော့။ အန်ကယ်က အန်ကယ်နဲ့ ဆိုင်တာကိုပဲ ပြောချင်တယ်။ နေချိုမောင့်ကို အန်ကယ့်ဆီပြန်ဖို့ ပြောလိုက်ပါ။ ဆက်တွဲတာတွေ မတွဲတာတွေ  အန်ကယ့်ဖက်က ဘာမှမပြောချင်ဘူး။ သူက လောကမှာ လုပ်စားလို့ရအောင်ထိ ဘာမှမတတ်သေးသ၍ စဉ်းစားဉာဏ် နည်းတဲ့သူ ဖြစ်နေဦးမှာပဲ"

သူ့သဘောက နေချိုက ခေါင်းမသုံးနိုင်လို့ ခုလို ခွန်းနစ်နဲ့ အပျော်တွဲပြီး အချိန်ဖြုန်းနေသည်ပေါ့။ သူ့အနေနှင့် ခွန်းနစ်တို့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ဖိအားပေးမှာ မဟုတ်သလို နေချို့ကိုသာ ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင်လုပ်ပြီး ဆုံးဖြတ်ဖို့ တိုက်တွန်းမည့်ပုံ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး တွက်ကြည့်တော့ သူပြောချင်တာ တစ်ခုထဲသာ။

friEND(COMPLETED)Where stories live. Discover now