ဘာပဲဖြစ်ဖြစ် အဆုံးမှာ သူက တစ်ယောက်ထဲပဲ သည်းခံပြီး အဆင်ပြေအောင် နေရဦးမှာမဟုတ်လား။

ကလစ်...

ဖျတ်ခနဲ ပွင့်လာသော တံခါးနှင့်အတူ ရင်းနှီးသည့် အသီးနံ့က နှာဖျားဆီဝင်ရောက်လာသည်မို့ မော့ကြည့်မိတော့ ညဝတ်ဝမ်းဆက် နက်ပြာရောင်ဖြင့် နေချိုမောင်က  အပေါက်ဝမှာ ကိုယ်တစ်ပိုင်းဖော်ကာ ရပ်နေသည်။ အပြင်ဖက် မီးအလင်းကြောင့် သူ့ကိုယ်တစ်ပိုင်းဟာ လင်းနေပြီး အခန်းတွင်းက အပိုင်းမှာတော့ အမှောင်ရိပ်ကျလျက်ရှိ၏။ သူက အနည်းငယ် အက်ရှကာ လေးပင်သော အသံဖြင့် " အိပ်မပျော်ဘူးလား" ဟု မေးလာသည်ဆိုလျှင်ပဲ စောစောက တစ်ယောက်ထဲ အဆင်ပြေအောင်နေဖို့ ဆုံးဖြတ်ထားသည့် ခွန်းနစ်ကုဋေဟာ နှုတ်ခမ်းကိုတင်းနေအောင် စေ့ကာ "အင်း" ဟု ဖြေလိုက်တော့သည်။

အားနာပေမဲ့ ၊ တကယ်ကို အားနာပြီး မနှောက်ယှက်သင့်ဘူးဆိုတာ သိပေမဲ့ အခုချိန်မှာ နေချိုမောင့် မျက်နှာကို မြင်ရတာနှင့်တောင် ခံစားနေရသမျှကို လွှတ်ချချင်လာသည်။ ဖောင်းအစ်အစ် ဖြစ်နေသော မျက်ဝန်းတွေဖြင့် ဘာဖြစ်နေသလဲဆိုတာကို အကဲခတ်နေဟန်တူကာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ နေချိုမောင်ဟာ မှောင်နေသော ‌အခန်းတွင်းမှ အပြင်ဘက် အလင်းရောင်ထဲသို့ ထွက်ချလာသည်။ ညိုသော သူ့အသားအရည်က မီးအလင်းရောင်အောက်မှာ ညက်ညောကာ သူ့လက်ချောင်းတွေက ခွန်းနစ်ပုခုံးထက်သို့ ဖျစ်ညှစ်လာခဲ့၏။

"တစ်ခုခု စားမလား။ ဒါမှ မဟုတ် အပြင်မှာ လမ်းလျှောက်ချင်လား"

ဘာဖြစ်နေသလဲဆိုတာကို မမေး။ အတော်လေးမြင့်ချင်နေသည့် သူ့ခေါင်းကို ခွန်းနစ်မျက်နှာအနားထိငုံ့ချကာ ခပ်တိုးတိုးဆိုလာသည်။

"ငါ...ငါ သိပ်နေလို့ မကောင်းလို့။ အသက်ရှူကြပ်ပြီး မွန်းနေသလိုပဲ"

"အပြင် ခဏလောက်ထွက်ရအောင်လေ။ ပြီးမှ မင်းဖြစ်ချင်တာကို ပြော"

ပုခုံးကနေဖက်လျက် သူက ခွန်းနစ်ကို အိမ်တံခါးဆီ ဆွဲခေါ်သွားသည်။ သော့တွေကို သူဖွင့်နေချိန်မှာ ကိုယ်က ငေါင်တောင်တောင်နှင့်။ ခပ်ကိုင်းကိုင်းဖြစ်နေသော ကျောပြင်ကို စိုက်ကြည့်ရင်း သူလုပ်သမျှကိုသာ စောင့်ကြည့်နေခဲ့၏။

friEND(COMPLETED)Where stories live. Discover now