"နေကောင်းရဲ့လား ဆိုတာကိုတောင် မမေးနိုင်ဘူး"

စခရင်ကို ပိတ်ချကာ ကုတင်ပေါ်သို့ ပစ်ချလိုက်ပစ်လိုက်သည်။ ပြီးတာနှင့် ဖုန်းရှိရာကို ကျောပေးလျက် ခန္ဓာကိုယ်ကိုစောင်းကာ ပါးအောက်သို့ လက်နှစ်ဖက်ထိုးထည့်ပြီး လှဲအိပ်ချလိုက်၏။ ကွေးကွေးလေးဖြစ်နေသော ခန္ဓာကိုယ်ကြောင့် နေရတာ သက်သာသွားသလိုဖြစ်လာပေမဲ့ မအီမသာဖြစ်နေသော မျက်နှာကတော့ အမှောင်ထုထဲတွင် တိမ်မြုပ်လျက်ရှိနေပေလေမည်။

မျက်ဝန်းတွေ မှိတ်စရာမလိုပဲနှင့် မှောင်နေသော အခန်း။ မီးဖွင့်ရင် မအိပ်တတ်တဲ့ တကယ့်အကြောင်းရင်းက ညဘက်စောစောမအိပ်ပျော်ရင် အတွေးပေါင်းစုံနှင့် ပင်ပန်းလွန်း၍ဆိုတာကို ကိုယ်တိုင်သာ နားလည်သည်။ ဒီရက်ပိုင်း သတိရနေမိသည့် လူတွေကတော့ ကိုယ့်ကို ဘဝထဲကထုတ်ပြီး အဆင်ပြေမှ ပြေကြရဲ့လားမသိ။ တစ်ခါတစ်လေတော့ မာနကြီးကြီးနှင့် တင်းခံနေသည့် ကိုယ့်ဆီကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ဆက်သွယ်လာဖို့ မျှော်လင့်လိုက်ချင်သည်။ ခွန်းနစ်က သတ္တိမရှိတာမို့ ၊ အရင်လို တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့သူ ဖြစ်နေဆဲမို့ အဲ့ဒီလို မျှော်နေရုံမှလွဲပြီးလည်း အခြားမတတ်နိုင်။

ဒေါက်... ဒေါက်

"နေချို အိပ်နေပြီလား"

မနေနိုင်သည့်အဆုံး အိပ်ရာမှထကာ အခန်းတံခါးကို ဆွဲဖွင့်ပြီးနောက် ခြေလှမ်းတွေရဲ့ ဦးတည်ရာက အနီးနားမှ အခန်းတစ်ခုဆီဖြစ်သွားသည်။ မှုန်ပြပြ မီးထွန်းထားသည့် အိမ်ငယ်လေးက နွေဦးညရဲ့ အနွေးဓာတ်အောက်မှာ အိုက်စပ်စပ်နှင့်။ ဒုတိယအကြိမ် အခန်းတံခါးခေါက်ပြီးချိန်မှာ မျက်လွှာကိုချကာ ကြမ်းပြင်ထက်မှာ ခြေချောင်းတွေဆီ ငုံ့ကြည့်လိုက်မိသည်။

သူလည်း အိပ်နေရောပေါ့။ ‌ကိုယ်နေလို့ ထိုင်လို့မကောင်းတာနှင့် သူများကိုပါ ဒုက္ခပေးလို့ ဘယ်ဖြစ်ပါ့မလည်း။ ဘယ်လိုပင် ချစ်သူရည်းစား ဖြစ်ပါစေအုန်း ခွန်းနစ်ရဲ့ ပြဿနာမှန်သမျှကို ပေးသိပြီးစိတ်ဆင်းရဲစေရင် မတရားရာ ကျလိမ့်မည်။ ဒီလိုစိတ်နဲ့ အချိန်အတော်ကြာ တစ်ယောက်ထဲ ဖြေသိမ့်ခဲ့တာ ဘယ်လောက်ရှိခဲ့ပြီလဲ။ အခုမှလာပြီး တစ်မူထူးချင်နေတာတွေးမိတော့ ခွန်းနစ် ခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။

friEND(COMPLETED)Where stories live. Discover now