"မလုပ်တော့ဘူးပေါ့"

"..."

ခပ်အေးအေးပြန်ပြောသည့် နေချို့ပုံစံက ဘာတစ်ခုကိုမှ လေးလေးနက်နက်ရှိပုံမပေါ်။ သူ့ကြည့်ရတာ သူလုပ်ရသည့် ဘယ်အရာအပေါ်မှလည်းစွဲစွဲလန်းလန်းရှိပုံမရချေ။ အသက်မရှိသည့်လူလို အဖြစ်လုပ်နေရသည်နှင့်ပင် သာ၍တူနေသေးသည်။ လူငယ်တစ်ယောက်က ဒီလောက်ထိ မျှော်လင့်ချက်မဲ့ပြီး ဘဝကိုဖြစ်သလို နေနေသည့်အပေါ်  ခွန်းနစ်အမြင်ကတော့ သိပ်မကောင်းလှပါ။

"အလုပ်မလုပ်ရင် ပိုက်ဆံ ဘယ်ကရမလဲကွ။ နောက်ပြီး လူဆိုတာအလုပ်အပေါ် လေးစားမှုရှိမှ အလုပ်ကလည်း ကိုယ့်အပေါ်လေးစားမယ်လေ။ပြီးစလွယ်ကြီး လုပ်ချင်မှ လုပ်မယ်ဆိုတာကတော့ မမှန်ဘူး"

"မင်းက ပိုက်ဆံရှိမှ သဘောကျလို့လား"

အကြောင်း မသိသည့်လူသာဆို ခွန်းနစ်က ငွေမက်လွန်းလို့ နေမကောင်းပြီး အိပ်ရာထဲလဲနေသည့် သူငယ်ချင်းကို ခိုင်းစားသည် ထင်တော့မည်။ တကယ်တမ်း အပြောမတတ်ပဲ သူမေးချင်တာကိုသာ မေးတတ်သည့် ပေါက်လွှတ်ပဲစား အကျင့်ကို သိထားသူ ခွန်းနစ်ကတော့ ခပ်အေးအေးပဲ ခေါင်းကို ငြိမ့်ရင်း "ငွေက အထိုက်လျောက်တော့ အရေးကြီးတယ်။ အဲ့ဒါထက် ပိုအရေးကြီးတာက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ချင်တဲ့စိတ်ပဲ" ဟု ပြောလိုက်၏။

"ပျိုးထောင်တာ"

"အင်းလေ။ လူဖြစ်လာရင် လောဘကြီးကြီးထားရမယ် မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြီး ကိုယ့်ခံစားချက်တွေ အဆင်ပြေအောင်တော့ လုပ်နိုင်ရမယ်။ ဒါက ကိုယ့်ဘဝကို တာဝန်ယူမှုပဲ"

"..."

"ငါ့ကို အပိုတွေပြောနေတဲ့ အရူးလို့ မင်းထင်ချင်ထင်မယ်။ ဒါပေမဲ့ ဖြစ်သလိုမနေဖို့ ကြိုးစားတာက တကယ်လိုအပ်တယ် နေချိုမောင်"

"..."

"ဖြစ်လာသမျှကို ပေတေခံပြီး နေနေရုံနဲ့ တော်နေတာမဟုတ်ဘူး။ ငါပြောတာသိလား။ မင်းကို ဝင်ငွေဘယ်လောက်ရှာရမယ်ဆိုတာထက် မင်းဝင်ငွေရှာဖို့ ဘယ်လောက်ထိ လုံလောက်လဲဆိုတဲ့ အရည်အချင်းကို မွေးမြူခိုင်းတာ"

friEND(COMPLETED)Where stories live. Discover now