"သား...သား ဒီမှာပဲ နေမှာ"

"ဟဲ့... နင့်ကို မွေးထားတာကိုက နင့်အဖေနောက်လိုက်ဖို့ဟဲ့။ နေချိုမောင်.. ဒီကိုလာစမ်း"

မေးရိုးများ တဆတ်ဆတ်တုန်သည်အထိ သူမ ကုန်းအော်တော့ ကလေးငယ်က ကြောက်ရွံ့စွာပဲ မြေပြင်ထက် ခြေဆင်းထိုင်ချကာ တအီးအီးအော်ငိုသည်။ စိတ်ဆိုးနေသော မအေဖြစ်သူမှာ နီးစပ်ရာ ယပ်တောင်ရိုးရှည်ကိုဆွဲကာ ‌ကလေး၏ ခြေသလုံးများကို ရိုက်ဖို့လုပ်လိုက်လျှင်ပဲ ဘကြီးဖြစ်သူမှာ မနေနိုင်စွာ ကလေးကို ပြေးပွေ့ရတော့၏။

"ဟဲ့ မိစော နင့် စိတ်နင်ထိန်စမ်း။ နင် ဘယ်လို ဖြစ်နေသလဲ။ ကလေးဟဲ့ နင်မွေးထားတဲ့ နင့်သား။ နင့်လင်ကို လိုချင်ရင် နင့်လင်ကို မဲဟဲ့"

ဆူငေါက်ကာ ပွဲထိန်းလိုက်ပေမဲ့ တရှူးရှူးဖြစ်နေသည့် မအေကတော့ အနီးနားမှ ခုံတချို့ကို တဖြောင်းဖြောင်း ရိုက်နေသေးသည်။ ကလေးမှာ ဘကြီး၏ ပုခုံးထက်တွင် မျက်နှာအပ်လျက် ရှိုက်ကြီးတငင် ငိုရှာ၏။ ဘကြီးမှာ တူမဖြစ်သူ၏ လင်စိတ်မွှန်ကာ ရူးသွပ်နေသည့် ပုံရိပ်ကို ကိုယ်တိုင်ပင် စိတ်ကုန်လာတာကြောင့် ကလေးကို ဖက်လျက် အိပ်ခန်းတွင်းသို့ ဝင်လာခဲ့လိုက်သည်။

"ကလေး တိတ်နော်...ကျွတ် ကျွတ် ကျွတ်"

ကုတင်ထက် ချပေးတော့ ချပေးသည့်အတိုင်း ပုံ့ပုံ့ကလေး လှဲရှာသည့် ကလေးငယ်။ သနားစရာ ကောင်းလွန်းစွာ ကြားညှပ်နေရှာသူလေးပေမဲ့ မိမိမှာ ဆိုင်သာဆိုင်သူမို့ ဘာမှလုပ်မပေးနိုင်။ တူမဖြစ်သူရဲ့ မိုက်ပြစ်တွေကို ဒီက မြေးကလေးကပါ ဆပ်နေရတာ သိပ်မတရားမှန်းသိသော်ငြား သူ့အနေနဲ့ တတ်နိုင်သည့် အခြေအနေမဟုတ်ပေ။

"အင်း... မင်း မအေက အင်မတန် နူးညံ့ခဲ့ ရှာတာပါ"

"ဘဘကြီး အပြစ်တွေပါပဲ ကလေးရယ်"

"ခြေကို‌မြင်ရဲ့သားနဲ့ မိုက်လုံးကြီးတာကို မတားနိုင်ခဲ့တာပါ ဘဘကြီးက"

တစ်ကိုယ်ထဲ ရေရွတ်နေသမျှကို မျက်လုံးပြူးကလေးဖြင့် နားထောင်နေသည့် ကလေးငယ်၏ နှဖူးကို သပ်တင်ရင်း သူပြုံးပြလိုက်၏။ အကြောင်းလိုက်ဖြစ်နေသော မျက်‌ရည်စီးကြောင်းတွေကို လက်မနှင့် အသာဖိသုတ်ပေးတော့ အားကိုးရာသဖွယ် ကြည့်နေရှာသည့် မျက်ဝန်းလေးတွေ။ ငယ်သေးတာတောင် စူးရှနေသည့် မျက်ဝန်းတွေက ‌ဖအေဖြစ်သူထံမှ အမွေရခဲ့ပုံပေါ်သည်။ ဖြစ်ချင်တာကို အကုန်လုပ်မည့် အင်မတန် တည်ကြည်သော မျက်ဝန်းတွေ။

friEND(COMPLETED)Where stories live. Discover now