"မနက်အစောကြီးကွာ။ ဆောင်းမှ ရမှာလား"

"အင်း... မသေချင်ရင်"

"ဖွီ... လွဲပါစေ ပယ်ပါစေကွာ။ စောစောစီးစီးကျိန်ဆဲနေတယ် ခွေးသားလေး"

နှုတ်ခမ်းတွန့်ရုံရယ်သည့် နေချိုက မျက်နှာသစ်ပြီးပြီးချင်း ရောက်လာပုံရသည်။ သူ့မျက်လုံးတွေက ဖောင်းအစ်နေကာ မျက်နှာကလည်း မို့အမ်းအမ်းဖြစ်နေ၏။

"သွားစို့ ငါတို့ တို့ဟူး‌နွေးစားကြမယ်။ ပြီးရင် ငါက အဆောင်ပြန်မယ်။ မင်းက အလုပ်ကို ဒိုးတော့ အိုခေလား"

မောင်းထွက်သွားသည့် ဆိုင်ကယ်သံက သူ့အဖြေဖြစ်သည်။ အဖြေရယ်လို့ ပြန်လာခဲပေမဲ့ ခွန်းနစ်ဆန္ဒအတိုင်း မဖြစ်ဘူးရယ်လို့တော့ တစ်ကြိမ်လေးပင် မရှိခဲ့ပေ။ လိုချင်တာပေးချင်တယ်ဆိုသည့် သူ့စကားကိုပဲ တည်နေလေသလား။ နေချိုမောင်ရဲ့ လမ်းခင်းပုံက သမားရိုးကျ ခင်းပြကျင်းပြသည့် နည်းလမ်းတွေနှင့် ကွာလွန်းသည်။ ခွန်းနစ်ကိုယ်တိုင် ဒီလိုကိစ္စတွေမှာ အတွေ့ကြုံ ပြည့်ဝနေတာမဟုတ်သော်ငြား ယောက်ျားနှင့် မိန်းမကြားဖြစ်စေ၊ ယောက်ျားနှစ်ယောက်ကြားမှာဖြစ်စေ တစ်ဦးက တစ်ဦးကို သဘောကျသည့်အခါ ပြသသည့် နည်းလမ်းတွေက တစ်ခါလာမဲပြာပုဆိုး ဒါတွေချည်းသာ များတတ်သည်။ ဒီလို ပုံစံတွေချည်းဖြစ်ကာ သိပ်ကွာခြားသွားသည့် ပုံစံမျိုးရယ်ဟုလည်း မတွေးမိကြတာ ဖြစ်နိုင်ပါသည်။

နေချိုမောင်ကတော့ သာမာန်နည်းလမ်းတွေလိုပဲ ရိုးရှင်းပေမဲ့ သူ့လှုပ်ရှားမှုက တယုတယနှင့် စေးစေးကပ်ကပ်ဖြစ်တာမျိုး သိပ်မရှိလှပါ။ သူက နှုတ်ဆိတ်ကာ ခန့်မှန်းရခက်သည့် စိတ်လှုပ်ရှားမှုမျိုးကို ပေးတတ်တာများသည်။ဥပမာ ခွန်းနစ်က သူ့ကို စကားနားထောင်ဖို့ ပြောလျှင် လိမ္မာသည့် ကလေးလို ဟုတ်ကဲ့ပါဟု ချိုချိုသာသာပြောတာမျိုးမရှိ။ တစ်ခါတစ်လေများဆို "ငါ့သဘော"ဟု ဘုကန့်လန့်ပြောသေးသည်။ သို့သော် ထိုစကားကို လွန်ဆန်သည့် အပြုမူမျိုးကို သေးသေးလေးပင် မလုပ်တတ်ပေ။

တစ်ခါတစ်လေ သူ့လှုပ်ရှားပုံက သနားစရာလည်း ကောင်းပြန်သည်။ သူ့ကို ပြန်ကြိုက်ဖို့ အတင်းဖိအားပေးတာမျိုးလည်းလုပ်မည့်အစား ခွန်းနစ်ကိုယ်တိုင်က သူ့ကိုလက်ခံလာအောင် ကြိုးစားချင်ပုံရ၏။ ခက်တာက ခွန်းနစ်က အရင်လက်ကမ်းကြိုတတ်သည့်သူ မဟုတ်တာပင်။ လက်ခံတာ မခံတာထား တစ်ခါလောက်ဖွင့်ပြောပြီး ထပ်မပြောသည့်သူကို "ငါမင်းကို ရည်းစားတော်မယ်ကွာ" ဟု တည့်ပြောဖို့က သိပ်ကို ကသိကအောက်နိုင်လွန်းသည်။ နောက်ပြီး တွဲရမည့်သူကလည်း အခြားမဟုတ်။ ဟိုး ကလေးဘဝက သိခဲ့ဖူးသည့်လူဖြစ်ကာ ခွန်းနစ်စံနှုန်းနဲ့ တစ်ခုလေးပင် ကိုက်ညီသူ မဟုတ်ချေ။ ဒီတော့ နောက်တစ်ခါက်လောက် "ငါ့ရည်းစား လုပ်မလား" မေးရင် "စဉ်းစားမယ်‌" လောက်တော့ ဖြေမည် စဉ်းစားထား၏။ ပြဿနာက ကျေးဇူးရှင်ဘက်မှ တစ်ခွန်းတစ်လေတောင် ဟမလာခြင်းပါလေ။

friEND(COMPLETED)Where stories live. Discover now