"ယုံ(ယုန်)လိုက်မယ် ဝောာထဲမှာ"

"ဟားဟား အေးပါ အေးပါ။ ဒါဆိုလဲ ဂျူတီထွက်ရင် နားလေ"

"ဟုတ် အစ်မ"

ယုရဲ့ ဟိုရွဲ့သည်စောင်း စနောက်မှုတွေကို မိနစ်အ‌တော်ကြာ ခံလိုက်ပြီးသည့်နောက် ခွန်းနစ်ဂျူတီထွက်ရမည့် အချိန်သို့ရောက်လာသည်။ ဌာနထဲက လူတွေကို နှုတ်ဆက်ပြီးတာနှင့် အိတ်ကိုလွယ်ကာ ထွက်တော့ မမယ်ယုက မမှီမှီအောင်လှမ်းစသေး၏။

"ရင်ခွင်ထဲ ဝင်နားပြီး အပန်းဖြေမဲ့ကောင်" တဲ့လေ။ ခွန်းနစ်မှာ အသံတိတ်ဆဲပြီး အပြေးထွက်လာခဲ့ရသည်။

"မယ်ယု ပါးစပ်က တအားလျှောက်ပြော"

ပွစိပွစိရွတ်ရင်း ဝတ်ထားသည့် အနွေးထည်ကိုလည်း ဆွဲစိရသည်။ မန္တလေးဆောင်းက ဒီဇင်ဘာမနက်ခင်းတွေမှာတော့ အပီပြင်ဆောင်းနေသေး၏။‌ဆေးရုံထဲ တစ်ညလုံးပိတ်နေခဲ့ရတာကြောင့် အပြင်ထွက်တာနှင့် မျက်နှာကို ထိတွေ့လာသည့် ပြင်ပလေညှင်း အေးစိမ့်စိမ့်ကပင် လန်းဆန်းလာစေသည်။

အဖြူရောင် ရှူးဖိနပ်ဟာ ကွန်ကရစ်လမ်းမကြီးအတိုင်း ခပ်သွက်သွက်လျှောက်လို့။ ဦးတည်ရာ အရပ်မှမြင်ကွင်းမှာမူ မြူမှုန်ပါးပါးကြောင့် မှုန်ရီဝေလျက်သား ရှိနေသေးသည်။ အချိန်အားဖြင့် ၇နာရီပင် မထိုးသေးပါ။ ခွန်းနစ်ခြေလှမ်းကို အရှိန်တင်ကာ မြူတွေကြားသို့ အပြေးသွားလိုက်သည်။ သူ..အေးနေလောက်တော့မည်။

တီတီ...

ဟွန်းသံလှမ်းပေးသူက လှမ်းတစ်ဖက်က ပလက်ဖောင်းကို ကပ်ရပ်ထားသည့် နေချိုမောင်။ သူဝတ်နေကျ သာရေဂျာကင်ကြီးကို လည်ပင်းထိ ဇစ်ဆွဲတင်ထားကာ ခွန်းနစ်ရဲ့ ဆိုင်ကယ်ဦးထုပ်ကို လက်တစ်ဖက်နှင့်ပိုက်လို့ထားသည်။ အမှန်တော့ ခွန်းနစ်ရဲ့ ဆိုင်ကယ်ဦးထုပ်ဆိုသည်ကလည်း သူ့ဟာသူ ဝယ်ပေးထားခြင်းသာဖြစ်ကာ ခွန်းနစ်က လိုချင်သည်လို့ တစ်ခွန်းမှပင် မဟဖူးသည့် ပစ္စည်းသာဖြစ်၏။

"အေးနေတာကို ဦးထုပ်တော့ ဆောင်းမထားဘူး။ လူကဖြင့် ကတုံးကေနဲ့"

မြူငွေ့ဖြင့် စိုစိစိဖြစ်နေသည့် ခေါင်းကိုပွတ်ရင်း ပြောမိတော့ ခပ်တည်တည်ကြီး ကြည့်လာသူက ကြိုက်၏ မကြိုက်၏ တစ်ခွန်းမပြော။ဆိုင်ကယ်ပေါ်ထိုင်လျက်သားဖြင့် ခွန်းနစ်ခေါင်းထက်သို့ ဦးထုပ်ဆောင်းပေးလာသည်။

friEND(COMPLETED)Where stories live. Discover now