"ဟဲ့ အမလေး ကုဋေ... နင် စာပို့တာတွေလဲ မက်ဆေ့မပြန်တော့ သေပြီမှတ်နေတာဟဲ့။ ‌ဆေးရုံက ဘာလို့မလာတာလဲ။ အစ်မ ယမင်းဆီလဲ နင် ခွင့်မတိုင်ဘူးဆို ဟမ်...ခု ဘယ်မှာလဲ"

ဇယ်ဆက်သလို တောက်လျှောက်ကျလာသည့် အမေးစကားတွေနှင့် စိတ်ပူနေသည့် လေသံက အပေါ်သံမဟုတ်မှန်း သိသာလွန်းသည်။ တကယ်တော့ ဖုန်းထဲမှာ စာပေါင်းများစွာ ဝင်နေတာကို အာရုံမထားနိုင်လောက်အောင်ထိ စိတ်လွတ်နေခဲ့ခြင်းဖြစ်ကာ ဖုန်းကို လက်ထဲကိုင်ထားပါလျက် တစ်ယောက်ယောက်ကို ခေါ်ဖို့၊ အကျိုးကြောင်းပြောဖို့ မေ့လျော့နေခဲ့တာလည်းဖြစ်သည်။ တစ်လျှောက်လုံး အင်္ကျီ သွားယူလိုက်အုန်းမယ်ဆိုသည့် လူကိုသာ ငုတ်တုပ်ထိုင်စောင့်ခဲ့ပြီး သူပြန်မလာလျှင် ပေတေနေသည့် အဝတ်တွေကို ထုတ်လျှော်ကာ ခြောက်သွားမှ ပြန်ဖို့ကိုသာ ထပ်ခါတလဲလဲ တွေးနေခဲ့၏။

"ဟယ်လို ဟယ်လို ကုဋေ ကြားလား"

"အေး..ငါ ကြားတယ်"

"နေမကောင်းဘူးလားနင်။ အသံကြီးက ဘယ်လိုဖြစ်နေတာလဲ"

လည်ချောင်းက အခြေနေမကောင်း။ အအေးပတ်ချင်တာကြောင့် နာကာ အက်ကွဲနေသည်။ နောက်ပြီး စကားကျယ်ကျယ်ပြောရမှာကိုပင် ခက်ခဲနေတာကြောင့် ထွက်လာသည့်အသံက အစ်တစ်တစ်ဖြစ်သွားခြင်း ဖြစ်ရမည်။

"ငါ ခွင့်ယူမလို့။ အစ်မကို နင်ပြောပေးအုန်း"

"ဘာလို့လဲ။ နင် ရရဲ့လား။ ဆေးရုံလာပြမလား"

"ရတယ်။ ငါ နားချင်လို့"

တစ်ဖက်က စကားမလာပဲ ရပ်နေသည်။ သေချာတာကတော့ အစ်မယမင်း ဘေးမှာရှိလိမ့်မည်။ ယုရဲ့ သူနေမကောင်းလို့တဲ့ ဆိုသည့် တဆင့်စကားတွေက ဖုန်းထဲသို့တိုးဝင်လာ၏။

"အေး နင်နားတာက နားတဲ့။ တကယ်လို့ အဆင်မပြေဘူးဆို ဖုန်းဆက်ဖို့ပြောတယ်။ ဆေးရုံကနေ တစ်ယောက်ယောက်ကို လာကြိုခိုင်းလိုက်မယ်"

"ရတယ် ငါ ဘာမှမဖြစ်ဘူး"

"မဖြစ်တာ ကောင်းတယ်ဟာ။ နေ့လည်စာတွေရော"

"ငါ မှာစားလိုက်မယ်"

"နင် တစ်ခုခုဆို ဖုနဆက်နော် ကုဋေ။ ကျိတ်ခံမနေနဲ့ ကြားလား"

friEND(COMPLETED)Where stories live. Discover now