"ဘာဟင်းလဲ အစ်ကို"

စားပွဲခုံပေါ်မှောက်ကျနေသော မီနူးစာရွက်ကိုလှန်ရင်း စားပွဲထိုးအမျိုးသမီးလေးက မေးလာ၏။ ရှေ့က မီနူးကို မျက်နှာသေဖြင့်ကြည့်ပြီးနောက် ဘေးဘီကိုအကြည့်ပို့ကာ...

"ကြက်သည်း"

"နောက်ထပ်ရော"

သင်္ခါခေါင်းခါပြလိုက်သည်။ ခဏအကြာ ထမင်းပွဲရောက်လာခဲ့ပြီး ကြက်အသည်းအမြစ်ဆီပြန်ဟင်းတစ်ခွက်အပြင် အရံဟင်းရည်နှင့် ငပိတို့စရာများကိုပါချပေးလာသည်။ ဗိုက်ဖြည့်ပြီးသည်နှင့် ဈေးကိုတစ်ပတ်ထပ်ပတ်လိုက်သည်။ ကားဂိတ်သို့ပြန်ရောက်ချိန်၌ နေ့ခင်းတစ်နာရီရှိပြီဖြစ်ကာ ကိုမျိုးကလည်း ကားထွက်ဖို့အသင့်ပြင်ပြီးနေချေပြီ။

"လာ..သင်္ခါ ကိုမျိုးမင်းကိုစောင့်နေတာ"

"ထွက်တော့မှာလား"

ဝယ်လာသမျှတို့ကို နောက်ခန်းထဲဂရုတစိုက်ချရင်း မေးလိုက်သည်။

"အေး... ဒီနေ့လုပ်စရာသိပ်မရှိတာနဲ့ မြန်မြန်ပဲပြီးသွားတယ်"

သင်္ခါခေါင်းညိတ်ပြီးနောက် ကားနောက်ခန်းထဲဝင်ထိုင်လိုက်သည်။ ကားကြုံလိုက်စီးသည့်လူများမှလွဲ၍ ကုန်ပစ္စည်းအချို့သာရှိသဖြင့် ချောင်ချောင်ချိချိပင်။ ကားစထွက်သည်နှင့် သင်္ခါမျက်လုံးကိုမှိတ်ချလိုက်သည်။ အမြင်အာရုံပိတ်ကျသွားတော့ အကြားအာရုံက အနားရှိ စကားဝိုင်းထဲရောက်သွားသည်။ အမျိုးသမီးကြီးနှစ်ယောက်က ဝယ်လာသောပစ္စည်းများ၏ ကုန်ဈေးနှုန်းအကြောင်း တီးတိုးပြောဆိုနေပုံရသည်။

1-"ကွမ်းသီးတွေလားအစ်မ"

2-"ဟုတ်တယ် ...အိမ်မှာအလှူရှိတော့ နည်းနည်းပါးပါးဝယ်လာခဲ့တာ"

1-"အသားကောင်းနေတာပဲ... ကျွန်မလည်းနောက်အပတ်လာရင် တစ်ပိဿာလောက်ဝယ်သွားရဦးမယ်"

2-"အသားကကောင်းပေမဲ့ ဈေးကတော့ခေါင်ခိုက်နေတာပဲတော်ရေ"

1-"ဒီလိုပါပဲ ဈေးတွေကအစစအရာရာတက်နေတာ"

အသံများကိုနားစွင့်ရင်း သင်္ခါ တဖြည်းဖြည်းငိုက်ကျလာသည်။ တောင်ပေါ်ကရာဘာများကို မနက်လေးနာရီကတည်းက တောင်အောက်သို့ ရွှေ့လာခဲ့ရသည့်အပြင် ရာဘာအစေးလည်း ထုတ်ခဲ့သေးတာမို့ အိပ်ရေးပျက်ခဲ့ရ၏။

အဆွေခင်ပွန်းလောင်းနဲ့အတူ စီးပွားရှာဖွေ(completed)Where stories live. Discover now