"လည်ချောင်းနာလာတဲ့အချိန်ငုံလို့ရတယ်။ မသက်သာရင် တခြားဆေးဖြစ်ဖြစ် ထပ်ယူအုန်းမလား"

ကောင်တာအပြင်မှ ငုံ့မိုးကြည့်နေသူ၏ အရိပ်က နည်းလှသည်မဟုတ်။ ခွန်းနစ်အပြောကို ကြောင်ငေးကြည့်နေပြီးမှ ခေါင်းယမ်းပြလာသည်။

"မလိုတော့ဘူး"

ဆေးကိုယူသည်။ ငွေရှင်းသည်။ ထို့နောက် စကားတစ်ခွန်းပင်မဆိုပဲ လှည့်ထွက်သွား၏။ အရင်အတိုင်း... သူဟာ အရင်အတိုင်း စိမ်းသက်စွာ ထွက်သွားခဲ့ပြန်သည်။

ဘာတုန်းဟ... နှုတ်ခမ်းမဲ့လိုက်မိ၏။ ကိုယ်မှာ သူနဲ့ကိုယ်ကြား အများကြီး ခင်ခဲ့ကြတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါရဲ့လားဟု ပြန်တွေးနေရသည်နှင့် ညဘက်တွေဆိုလည်း ကောင်းကောင်းမအိပ်နိုင်။ သူကတော့ အရေးမပါတဲ့ ငုံဆေးတွေကို တစ်ချိန်လုံး လာလာဝယ်ပြီး လူကို ခေါင်းရှုပ်အောင်ပဲ လုပ်တတ်သည်။ပြန်များ ရောင်းစားမလို့လား။ မဟုတ်နိုင်ပေမဲ့ ခပ်ချဉ်ချဉ်သာတွေးပစ်လိုက်မိတော့သည်။

တကယ်ဆို ခွန်းနစ်မှတ်မိသလောက် အကောင်းဆုံးဆိုတဲ့ သူငယ်ချင်း စာရင်းမှာ သူက နံပါတ်တစ်ဖြစ်ခဲ့သည်။ ခွန်းနစ်က အပေါင်းသင်းမမက်။ ကြီးလာလေ လက်ပွန်းတတီး တွဲသွားတွဲလာ လုပ်မည့်အပေါင်းသင်း ရှားပါလေဖြစ်သည်။ ကိစ္စပေါင်းစုံကြောင့် တစ်ယောက်ထဲ ဖြစ်သလိုလေးနေဖြစ်ခဲ့တာကြောင့် သူ့ကိုသာ စိတ်ထဲမှာ အမြဲ အမှတ်တရရှိခဲ့၏။ပြန်ဆုံတွေ့ကြလျှင်ဆိုကာ သူ့ပုံစံကို စိတ်ကူးယဉ်ခဲ့ဖူးပေမဲ့ ဤမျှလောက်အထိဖြစ်လာမည်ဟုတော့ တစ်ကြိမ်ကလေးပင် မတွေးခဲ့ဖူးပေ။

သူ မကျေနပ်တာ တစ်ခုခုများ ရှိနေသလား။ ဒီလိုဆို ဘာကြောင့် ဆေးရုံကို ခဏခဏ လာနေမည်နည်း။ ပြီးတော့ သူနဲ့နောက်ဆုံး လမ်းခွဲတဲ့အချိန်တုန်းက ခွန်းနစ်ကို သူ့ရင်ခွင်ထဲတောင် ထည့်ဖက်ခဲ့သေးသည်လေ။ အဲ့ဒီတုန်းက သူ့ရင်ခွင်က ခွန်းနစ်ကိုယ်ပင်မဆန့်ချင်။ အခုချိန် ထပ်ဝင်ကြည့်မယ်ဆိုရင်တော့ဖြင့်.. "ဟာ အဓိပ္ပာယ်မရှိတာ..ရူးနေလား"

ခေါင်းကို လက်နှင့်ထုရင်း အော်လိုက်မိသည်။ အဓိပ္ပာယ်မရှိတာမှ လုံးဝကို မရှိလိုက်သည် ဖြစ်ခြင်း။

friEND(COMPLETED)Where stories live. Discover now