ဂျူတီအစားဝင်ပေးမည့်သူဆီ မှာသင့်မှာထိုက်တာတွေ မှာပြီးတာနှင့် ရေဘူးကိုဆွဲကာ ဆေးရုံကန်တင်းဆီ ဦးတည်လိုက်၏။ မနက်ရောက်ကတည်းက အတွင်းလူနာဆောင်မှာ လူနာအသစ်တိုးတာတွေ ဆေးရုံဆင်းတာတွေ များနေသည်မို့ မနက်စာပင်မစားရသေး။ ဇောနှင့်လုပ်နေတုန်းက မသိသာပေမဲ့ စိတ်လျော့လိုက်တော့ လမ်းလျှောက်ရင်းပင် ဗိုက်ထဲက တဂွီဂွီမြည်လို့နေသည်။

"အစ်မ ဘာဟင်းကျန်သေးလဲ"

"အသားကတော့ ငါးဖယ်တစ်မျိုးပဲ ကျန်တယ်မောင်လေး။ အရွက်က‌တော့ လေးမျိုးလောက်ကျန်သေးတယ်"

"အဲ့ဒါဆို ငါးဖယ်နဲ့တစ်ပွဲလုပ်လိုက်အစ်မ။ အရံဟင်းက မုန်ညှင်းရွက်ကြော်ရယ် ပဲနှပ်ရယ်ယူလိုက်မယ်"

"ပုံစားတစ်ပွဲ ငါးဖယ်နဲ့ဟေ့! မုန်ညှင်း ပဲနှပ် အရံယူမယ်။ ဟင်းရည်ရော တစ်ခါထဲချမယ်ဟေး"

ငွေရှင်းပြီးတော့ ထိုင်မည့်ခုံပေါ် ရေဘူးကိုတင်ခဲ့ကာ ထမင်းရလျှင်ချပေးဖို့ မှာထားခဲ့သည်။ထို့နောက် မစားခင် လက်ဆေးရန်အတွက် သန့်စင်ခန်းသို့ ဦးတည်ရပြန်၏။ လူနာနှင့် တိုက်ရိုက်မထိတွေ့ရပေမဲ့ ဆေးရုံမှာ ဝင်ကတည်းက ခွန်းနစ်က လက်ကိုတစ်ချိန်လုံးဆေးသည်။ လက်သန့်စင်ဆေးရည်နှင့် ဆေးတာကိုပင် အားမရ။အခုလည်း ဂျူတီကုတ်လက်ကို ဟိုးအပေါ်ထိပင့်တင်ကာ စိတ်လိုလက်ရ လက်ဆေးနေမိ၏။

'တစ်လစာ ကံကြမ္မာဟောစတမ်း
-စပ်တူလုပ်ငန်းကိစ္စများ အောင်မြင်မည်။ အလုပ်ပြောင်းရန်ကြံရွယ်နေသူများ အဆောတလျင်ဆုံးဖြတ်ခြင်းမျိုး မလုပ်သင့်သေးသော ကာလဖြစ်၏။ ငွေကြေးဝင်ရောက်မှုများသော်လည်း အကြောင်းအရင်း ရေရရာရာမရှိပဲ ထွက်ငွေများနေတတ်သည်။ လုပ်ငန်းထဲတွင် လူကြီးသူမ၏ ဆောင်မခြင်းကို ခံရတတ်၏။

-ကျန်းမာရေးတွင် ရောဂါကြီးကြီးမားမား မဖြစ်တတ်သော်ငြား ‌ဆီးပူမိခြင်း၊ လေအောင့်ခြင်းတို့ ဖြစ်တတ်သည့်အတွက် ဂရုစိုက်ရန်လိုအပ်၏။

-လူမှုရေးတွင် ထင်မှတ်မထားသော အပြောင်းလဲမျိုး လာရောက်နိုင်သည်။ မိတ်ဆွေဟောင်းများနှင့်ဆုံခြင်း ချစ်သူဟောင်းတို့ ပြန်လည်ဝင်ရောက်လာခြင်း စသည့် အဟောင်းဝင်နိုင်ကိန်းများ ရှိသဖြင့် သတိနှင့်ယှဉ်ကာ ‌ဆက်ဆံသင့်ပါသည်။ထိုသတိပေါ်လိုက်၍ ဘဝအချိုးအကွေ့တစ်ခုကို ရောက်ရှိနိုင်၏။

friEND(COMPLETED)Where stories live. Discover now