အစပိုင်း ခွန်းနစ်သိသလောက်တော့ ရေခဲတုံးက လေးငါးအုပ်ခန့် ရေးပေးသေးသည်။ နောက်ပိုင်းတော့ "မရေးချင်ဘူး" ဆိုကာ ယတိပြတ်ငြင်းချတာကြောင့် စောက်ကြီးစောက်ကျယ်ကောင်ဟု အဆဲခံလိုက်ရ၏။ သူရေးပေးသော စာဆိုတာကလည်း "စာမေးပွဲ အောင်ပါစေ" ဆိုသည့် တုံးတိကြီးဖြစ်ကာ စာဖတ်သူပင် စိတ်ညစ်လောက်သည့် အော်တိုမျိုးသာ ဖြစ်ပါသည်။

"သုံးလ ကျောင်းပိတ်ရင် ငါ့အဖေက ဖားကန့်သွားမှာတဲ့။ ငါရော ခဏတော့ လိုက်သွားရမယ်ထင်တယ်။ မင်းတို့နှစ်ယောက် ငါမရှိပဲ လျှောက်လည်ကြတော့မှာပေါ့"

ဝေဖြိုးနိုင်က စာကိုစိတ်မဝင်စား။ ညဘက် စာကျက်ဝိုင်းရောက်လျှင် စာအုပ်ကြီးကိုင်ကာ ဖြစ်မလာသေးသော အကြောင်းတွေကိုတွေးလိုက် မေးလိုက်ဖြင့်သာ အချိန်ကုန်တတ်သည်။ ဆရာမိလွန်း၍ ခဏခဏ မတ်တပ်ရပ်နေရသည့်တိုင် သူ့ကိုယ်သူ မှားမှန်းသိပုံမပေါ်။ ယခုလို ထိုင်ခုံပေါ်မတ်တပ်ရပ်နေရင်းနှင့်တောင် ခွန်းနစ်တို့ကို လှမ်မေးတာသာ ကြည့်ကြပါလေ။

"ငါရှိလည်း အမြဲ နှစ်ယောက်ထဲပဲသွားတယ်။ ဟိုကောင်တွေကတောင် ပြောတယ်။နေချိုမောင်သာ မိန်းမဆို ခွန်းနစ်ကုဋေနဲ့ ညားနေပြီတဲ့"

ပေါက်ပေါက်ရှာရှာ... ခွန်းနစ်နှာခေါင်းရှုံ့ကာ ခုံပေါ်က ကျက်သရေတုံးကို မဲ့ပြလိုက်သည်။ နေချိုမောင်လို မိန်းမသာရလျှင်..ရုတ်တရက် နေချိုမောင်တစ်ယောက် ကိုယ့်ပုခုံးပေါ်မှီလာတာကို မြင်ယောင်လာမိ၏။

"‌ကိုယ့်စာကိုယ် ကျက်စမ်းပါ အရူးကောင်"

ကြက်သီးထလာတာကြောင့် ဝေဖြိုးနိုင်ကို လှမ်းဆဲကာ ကျက်လက်စ ဓာတုဗေဒစာအုပ်ကို ငုံ့ကြည့်လိုက်၏။ ပြီးမှ စိတ်ကူးပေါက်တာကြောင့် တစ်ခုံကျော်မှ နေချိုမောင့်ဆီ လှမ်းကြည့်တော့ စာအုပ်ကို ပေါက်ထွက်မတတ်စိုက်ကြည့်ကာ တစ်ခုခုကို စဉ်းစားနေဟန်တူသည်။ခွန်းနစ်ထင်တာ မမှားလျှင် သင်္ချာဆရာမပြောသည့် ဉာဏ်စမ်းပုစ္ဆာကို သူထိုင်တွက်နေတာပဲ ဖြစ်ရမည်။ ဒီကောင်ကျတော့ တစ်မျိုး ၊ ဆရာက ဘယ်လောက်ပဲ ဘာစာကျက်ပါပြောပြော သူလုပ်ချင်တာကိုသာလုပ်တတ်သည်။ အပြစ်ပေးခံရလည်း နည်းနည်းမှ မှုပုံမပေါ်။ စာမေးပွဲတွေမှာလည်း ဆိုးဆိုးဝါးဝါးကျတာမျိုး မရှိသည်မို့ နောက်ဆုံးတော့ ဆရာကိုယ်တိုင်က စာလုပ်ပြီးရော လွှတ်ထားလိုက်ရသူသာ။

friEND(COMPLETED)Where stories live. Discover now