နက်ပြာရောင် ကောင်းကင်ထက်တွင် မရေမတွက်နိုင်အောင်များသည့် ကြယ်အစုအဝေးတို့က ဟိုတစ်စုတစ်သည်စုနှင့်။ အလင်းကဲသည့် ကြယ်ပွင့်တို့မှာ စိန်ပွင့်သဖွယ် ထီးထီးကြီး ထင်းနေတတ်ကြသည်။ အတားအဆီး မရှိတော့သည်ကြောင့်ပဲလား ဒီညမှ ကောင်းကင်ပြင်ကပိုကျယ်ကာ ခွန်းနစ်နှင့် နီးကပ်နေသလိုပင်။ တောင်အောက်ကို ကြည့်လျှင်တော့ မည်းမှောင်နေသော တောရိပ်တောဝန်းတို့ကိုသာ လှမ်းမြင်နေရသည်။

မြန်မာနိုင်ငံရဲ့ အလယ်ဗဟို ချက်မတည့်တည့်...

ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ။ လတ္တီကျုတွေ လောင်တီကျုတွေ တွက်ချက်မှုအရ မြန်မာနိုင်ငံမြေပုံရဲ့ အလျားမျဉ်းနဲ့ အနံ့မျဉ်းတို့၏ စုံမှတ်ထက်မှာ ခွန်းနစ်တို့ရောက်ရှိနေတာဖြစ်သည်။ စိတ်လှုပ်ရှားလွန်းတာကြောင့် ရောက်ရောက်ချင်း ထခုန်မိတော့ ကိုကိုကြီးတို့ သူငယ်ချင်းအုပ်စုကပင် ဝိုင်းရယ်ကြသေး၏။

"နေချိုမောင်"

"အင်း"

"မင်းသိလား ဒီနေရာက မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်ဖြစ်ရုံတင်မကဘူး ဒီမှာရှိတဲ့ဘုရားမှာ ဆုတောင်းရင် အကုန်ပြည့်တယ်တဲ့"

"အင်း"

"မင်း ဘာဆုတောင်းတုန်း'

သူငြိမ်နေသည်။ တွေးနေသလား အိပ်ပဲငိုက်နေသလား။ ဓာတ်မီးပိတ်လိုက်တာကြောင့် မှောင်မဲကာ ကြယ်တွေကိုသာ ရှင်းရှင်းမြင်နေရသည်။ အနားကပ်နေသော သူ့အထိတွေ့ကိုတော့ ကောင်းကောင်းကြီး ခံစားလို့ရ‌၏။ သူ့လက်မောင်းအေးစက်စက်က ခွန်းနစ်ရဲ့ လက်ရှည်အပါးကိုပါထိုးထွင်းဝင်ရောက်လာတာဖြစ်ရမည်။

"ဟင် ဘာဆုတောင်းလဲလို့ "

"မတောင်းဘူး"

"ဟာ..."

ရယ်သံသဲ့သဲ့ထွက်လာသည်။ အရွယ်မတိုင်သေးဘူး ခြောက်ကပ်ကပ်ဖြစ်နေသည့် သူ့အသံက ခွန်းနစ်ကို အမြဲပဟေဋိဖြစ်စေ၏။ ဘယ်တုန်းကမှ မမေးခဲ့ဖူးပေမဲ့ သူတစ်ခုခုပြောချင်လာတဲ့အခါ နားထောင်ပေးဖို့ အသင့်ရှိကြောင်း သိစေချင်သည်။သို့သော် ပါးစပ်က တစ်ကြိမ်လေးတောင် ထုတ်မပြောပြနိုင်ပါ။ ခွန်းနစ်နဲ့သူ့ကြားမှာ နီးသ‌လိုလိုနှင့် ဝေးကွာနေပါသေးသည်။

friEND(COMPLETED)Where stories live. Discover now