"ဟင်...ဘယ်လို လုပ်မှာလဲလို့"
ပခုံးနှင့်တို့လိုက်တော့ ဓာတ်မီးရောင်က ဟိုဟိုဒီဒီရမ်းခါသွားသည်။ ရေခဲတုံးက မေးတာကို ‌အာရုံစိုက်ပုံမပေါ်။ ခွန်းနစ် အင်္ကျီစကို ဂုတ်ကနေဆွဲထားကာ " ကောင်းကောင်းလျှောက်" ဟု သတိပေး၏။

တောင်ထိပ်မှ ဘုန်းကြီးကျောင်းမို့ လျှပ်စစ်မီးမရတာကြောင့် ညဘက် အပေါ့သွားရတာ တော်တော် ကသီလင်တနိုင်သည်။ ရှူးလေးပေါက်ဖို့အရေး မိနစ်အနည်းငယ်ကြာအောင် သွားလိုက်ရကာ ပေါက်တော့လည်း ချမ်းစီးစီးနှင့်မို့ ဘာမှန်းပင် မသိလိုက်ချေ။ ပေါ့ပါးပြီး နေလို့ကောင်းသွားသည်ကိုတော့ ဝန်ခံရပါလိမ့်မည်။

"အဆောင်ထဲမသွားပဲ ဇရပ်ထဲ ခဏဝင်ထိုင်မလား။ ဟိုမှာ ကြယ်တွေကို အများကြီး မြင်နေရတာ"

အပြောထက် ခြေထောက်က မြန်သည်။ တရှိန်ထိုး လျှောက်လာခဲ့သည့် ခြေလှမ်းတွေ ဇရပ်ပေါ်ကို ရောက်ခဲ့ပြီးမှ အားပါးတရ ဆုပ်ကိုင်လာမိသော လက်ကြီးတစ်ဖက်ကို သတိထားမိ၏။ အေးစက်ကာ ပိန်လှီနေသော လက်တစ်ဖက်ပင်။ ဟုတ်သား... နေချိုမောင်က လက်ရှည်ပါမလာဘူးပဲ။ မှုန်ကပ်ကပ်ဖြစ်နေမည့် မျက်နှာပေးကို သေချာမမြင်ရပေမဲ့ ကိုယ်ခေါ်သည့်နောက် ဖြစ်သလိုလိုက်လာသည်ကို တွေးမိသောအခါ ခွန်းနစ် စိတ်မကောင်းဖြစ်မိသွားသည်။

"နေပါတော့ မင်းက အေးစက်နေပြီ"

ပြန်ဆင်းမည်ပြုတော့ ဂုတ်ကနေ လှမ်းဆွဲခံရသည်။ ခွန်းနစ်မှာ ထိုလက်ပိန်ပိန်လေးတွေကြားမှ မရုန်းထွက်နိုင်။မျက်နှာတည့်တည့်ထိုးလာသည့် ဓာတ်မီးရောင်အောက်မှာ ရှုံ့တွလျက် "ဘာလဲကွာ" ဟု မေးလိုက်၏။

"မသွားဘူး။ မင်းကြည့်"

"ဘာကိုလဲ"

တရှဲရှဲအသံတွေကြားရသည်။ညဉ့်လေညှင်းဟာ အပင်တွေကြားကို ဖြတ်လို့ တသိမ့်သိမ့်တိုက်ခတ်လာခဲ့ပုံပေါ်၏။ သစ်နံ့ဝါးနံ့နှင့် ဝါးရုံပင်ချင်း ရိုက်ခတ်နေကြသည့် တဖြောင်းဖြောင်းအသံက သဘာဝ၏ ဂီတသံအလားပင်။

"ကြယ်တွေကို "

"‌ဒါပေမဲ့ မင်းက အေး..."

‌စိတ်လက်တစ်ဆစ်နှင့် ဒီကောင့်ကို ခွန်းနစ်ဘယ်လိုမှမနိုင်ပါ။ အဆုံးမှာတော့ ပေပေါင်းထောင်ချီမြင့်သည့် တောင်ထိပ်ရှိဇရပ်ငယ်ထဲတွင် ထိုင်လိုက်ရတော့၏။ ထူးထူးခြားခြား နေချိုမောင်က ခွန်းနစ်အနားသို့ တိုးကပ်လာသည်။ လက်တိုအပါးလေးနှင့်မို့ ဒီကောင်ချမ်းနေတာပဲ ဖြစ်လိမ့်မည်။ ခွန်းနစ်က စာနာတတ်တာကြောင့် တွန်းထိုးမနေတော့ပဲ မသိချင်ယောင်ဆောင်က သူ့ဘက်သို့ကိုယ်ကို ယိမ်းပေးထားလိုက်၏။အားလုံး အိပ်မောကျနေကြပေမဲ့ ခွန်းနစ်ကြောက်မနေမိပါ။ မှောင်မှဲနေပေမဲ့ လုံခြုံနေသလို ခံစားချက်မျိုးပင် ဖြစ်ပါသည်။

friEND(COMPLETED)Where stories live. Discover now