အတွေးပင်လယ်ထဲ မျောနေသည့်ခွန်းနစ်တစ်ယောက် ဓာတုဗေဒချိန် ပြီးသွားသည်ကိုပင်မသိလိုက်ချေ။ "အားလုံး မတ်တပ်ရပ်! ဆရာမကိုနှုတ်ဆက်"ဆိုသည့် အတန်းခေါင်းဆောင်၏ လှုံ့ဆော်သံကိုကြားမှ ကမန်းကတမ်းထကာ နှုတ်ဆက်လိုက်ရသည်။ပုံနှိပ်စာလုံးများမှလွဲကာ သန့်ရှင်းနေသည့် ဖတ်စာစာအုပ်ကို ငုံ့ကြည့်မိတော့ ဟင်းခနဲ သက်ပြင်းချမိပြန်၏။ ကနေ့သင်သွားသည့် စာတွေကိုတော့ ကျူရှင်ရောက်လျှင် အပီပြင်နားထောင်မှဖြစ်တော့မည်။

"ခွန်းနစ်ကုဋေ ငါတို့ သီးသီးပင်အောက်မှာ ထမင်းသွားစားမလို့။ လိုက်အုန်းမလား"

ကျောကိုတို့ကာမေးသည့် ဝေဖြိုးနိုင်။ ခွန်းနစ်လှည့်ကြည့်တော့ သကောင့်သားက ခြင်းကျားကြီးကို စားပွဲပေါ်တင်ကာ သွားသုံးဆယ့်နှစ်ချောင်းလုံစပေါ်အောင် ရယ်ပြလျက်ရှိသည်။ ပွယောင်းယောင်း နှာခေါင်းသည်ပင်လျှင် ခပ်ရဲရဲဖြစ်နေသေး၏။

"ငါ့အိမ်က ဒီနေ့ ကန်တော့ပွဲလုပ်လို့ မုန့်တွေပါပါလာတယ်။ ကျန်တဲ့လူတွေကိုတော့ ခွဲကျွေးပြီးပြီ။ မင်းစားချင်ပါ့မလားမသိလို့ ငါမပြောရသေးတာ။ ခု လိုက်ခဲ့ပါလားဟင်"

မှေးသောမျက်ဝန်းတွေက ခွန်းနစ်ထံမှအကြည့်မခွာ။ မျှော်လင့်တကြီး ကြည့်နေတာကိုမြင်တော့ ခွန်းနစ်စိတ်ရှုပ်ချင်လာသည်။ တီဘီရောဂါ ဖြစ်ပြီဆိုကတည်းက ဇွန်းတွေကအစ သီးသန့်ထားရတာကြောင့် တစ်ယောက်ထဲစားဖြစ်တာသာ များ၏။ အတူစားဖို့ ကြိုးစားဖူးသော နေချိုမောင်နှင့်ကျပြန်တော့ ဟိုကဝန်လေးသည်ဆို၍ ကျွေးချင်စိတ်ကိုပင် ပယ်ချခဲ့ရသည် မဟုတ်ပါလား။

"လာပါ။ မင်းရယ် ငါရယ် နေချိုမောင်ရယ် သုံးယောက်ထဲရယ်"

ဒတ်ခနဲ ခံစားလိုက်ရသည့် ကိုယ်တွင်းတစ်နေရာမှ တုန့်ပြန်မှု။ ခဏလေးပဲဆိုပေမဲ့ ကြောက်စရာကောင်းလောက်အောင် ထင်ရှားလွန်းသည်။ ခွန်းနစ်မျက်ဝန်းတွေက တဖြေးဖြေးနီးကပ်လာသည့် အရိပ်တစ်ခုဆီရောက်သွားကာ စားပွဲထက်ထောက်ချလာသည့် ညိုသောလက်ဖမိုးထက်သို့ ကျရောက်သွားခဲ့၏။

"ခုသွားမှာလား"

သူ့အသံက ပုံမှန်သာ။ သို့သော် ခွန်းနစ်နားထဲမှာတော့ ကြီးမားလှသည့် လေပြင်းတိုက်သံလို တဝေါဝေါတိုးဝင်တိုက်ခိုက်လာသည်။ သူက ဝတ်နေကျအတိုင်း ဝါကျင်ကျင်ဖြစ်ချင်နေသော ကျောင်းအင်္ကျီအဖြူလက်တိုကို ကျစ်ထုပ်နေအောင်စည်းနှောင်ထားသည့် ပုဆိုးခါးကြားထဲသို့ ထိုးထည့်ထားပါသည်။

friEND(COMPLETED)Where stories live. Discover now