ကြိမ်လုံးကို နောက်ပစ်လျက် ခွန်းနစ်ထိုင်နေရာ အလယ်လျှောက်လမ်းမှ လျှောက်လာသည့်ဆရာက မြင်လိုက်ရုံနှင့် ရှိန်စရာပင်။ ငါတော့သွားပြီဟု တထစ်ချ တွေးထားလိုက်ရသည်။ အတန်းထဲမှ အခြေအနေကလည်း ရုတ်ချည်းပြောင်းလဲသွားသည့် ဆရာကြောင့် ရင်ထတိတ်ထိတ်ဖြစ်သူများဖြင့် ပြည့်လို့သွား၏။

တစ်လှမ်းနှစ်လှမ်း၊ ဆရာ့ခြေလှမ်းက ခွန်းနစ်နှင့် နီးသည်ထက် နီးကပ်လာသည်။ နောက်ထက် တစ်လှမ်း ....ဖွင့်ထားလက်စ စာအုပ်ဆီ စိုက်ရောက်သွားသည့် မျက်ဝန်းတွေက ရင်မဆိုင်ရဲသည့် ကလေးတစ်ယောက်နှယ်။ ဆရာ့ခြေဖမိုးကို လှမ်းမြင်ရချိန်မှာ ခွန်းနစ်က ဟိုးအမြင့်ထိမြှောက်တင်ခံလိုက်ရသည့် ဘောလုံးလို ဘယ်ကိုပြုတ်ကျရမလဲဆိုတာကိုသာ စောင့်နေစရာရှိတော့သည်။

"အ..အဟွတ် ဟွတ်"

‌ခြေထောက်တစ်စုံက ‌ခွန်းနစ်ကိုကျော်က နောက်သို့ ဆက်လျှောက်သွားသည်။ တစ်ဆက်ထဲမှာပဲ " ဘာလို့ စကားတွေပြောနေကြတာလဲ" ဆိုသည့် ဆရာ့အသံ ဆတ်ခနဲ ကပ်ပါလို့လာ၏။ ဒါဆို ငါမဟုတ်ဘူးလား...အလုံးကြီးကျသွားသလို ခွန်းနစ် ဟူးခနဲလေမှုတ်ထုတ်လိုက်မိသည်။ ထို့နောက် ဘယ်သူလဲသိချင်စိတ်ဖြင့် နောက်သို့လှည့်ကာ အကဲခတ်တော့ တစ်ခါက ခွန်းနစ်ကို သင်တန်းမှာ ပြဿနာရှာဖူးသည့် သကောင့်သားဖြစ်နေ၏။

"နာမည် ဘယ်သူလဲ"

"..."

"ဟေး မင်း နာမည်မေးနေတယ်လေ"

"ဝေ..ဝေဖြိုးနိုင်ပါ ဆရာ"

"အေး ဝေဖြိုး‌နိုင်က ဘာလို့ စကားတွေပြောနေတာလဲ။ ပြောပါအုန်း မင်းတို့ ဘာတွေပြောနေတယ်ဆိုတာ"

"အိမ် အိမ်က ကြောင်မကြီး အကြောင်းပါဆရာ"

ခွိခနဲ ရယ်သံတွေထွက်လာသည်။ ဆရာပင်လျှင် ပြုံးခနဲဖြစ်ကာ မျက်နှာကို အမြန်ထိန်းလိုက်တာမြင်လိုက်ရ၏။

"အေး နောက်ဆို အိမ်ကကြောင်မအကြောင်းဖြစ်ဖြစ် ၊ ခွေးမအကြောင်းဖြစ်ဖြစ် အတန်းပြီးမှပြော ကြားလား။ ဆရာမှ မဟုတ်ဘူး တခြား ဆရာတွေ၊ ဆရာမတွေ စာသင်ချိန်မှာ စာထဲစိတ်မပါရင် လှဲအိပ်နေလိုက်။ ဘယ်သူမှ အနှောင့်ယှက်မဖြစ်ဘူး။ မင်းတို့ စကားတွေပြောရင် တခြားစာစိတ်ဝင်စားနေတဲ့သူတွေပါ စာအသင်ပျက်တယ်။ ပြောတာ နားလည်လား"

friEND(COMPLETED)Where stories live. Discover now