ရှုပ်လိုက်တာ။ ခေါင်းကို ရှေ့သို့ပြန်လှည့်တော့ မိန့်ခွန်းချွေနေသည့် ဆရာမနှင့် တည့်တည့်တိုးသည်။ ဇက်ကိုပုလျက် ခွန်းနစ် ရှေ့ခုံမှ ‌ကျောင်းသား၏ခေါင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကွယ်လိုက်၏။ ဒီလိုနဲ့ ပထမဆုံးရက်မှပဲ အဆူခံရတော့မည်လား။

ကံကောင်းစွာပဲ မိတ်ဆက်စကားနှင့်အဆုံးသတ်သွားသည့် အတန်းပိုင်၏အချိန်က တစ်မနက်စာ တာရှည်ခဲ့ပေမဲ့ ဘယ်ကျောင်းသားမှ ဆိုးဆိုးရွားရွားအဆူခံရတာမျိုးမရှိလိုက်ပါ။ ကြည့်ရတာတော့ အဦးဆုံးရက်မို့ ဆရာမဖက်က အလျော့ပေးထားတာပဲ ဖြစ်ပါလိမ့်မည်။အဲ့ဒီနောက်မှာတော့ သင်္ချာဆရာ၏ အချိန်ကို ခွန်းနစ်တို့ဆက်ကြရသည်။

ထိုအချိန်မှာလည်း ခွန်းနစ်ခေါင်းက ဟိုးနောက်ဆုံးခုံဆီ ဆယ်ခေါက်ထက်မနည်း ရောက်လို့သွားသေး၏။ ခေါင်းအောက်မှာ တံတောင်ဆစ်ထောက်လို့ ပျင်းရိပျင်းတွဲလုပ်နေသည့် အနှီကောင်က အပျင်းကြီးလွန်းသည့် ကျောင်းသားတစ်ယောက်ဆိုတာ ဗေဒင်မေးစရာမလိုပါ။ နောက်ဆုံးခုံကို အမြဲရွေးရလောက်အောင် သူက ဆရာနှင့် ဝေးဝေးမှာ နေချင်ပုံရပါသည်။ နာနေမလားဆိုသည့် စိုးရိမ်စိတ်နှင့် မကြာမကြာကြည့်ပေမဲ့ စာအုပ်ကို ပျင်းရိစွာကြည့်နေသည်ကိုသာ မြင်ရပါများလာသည့်အခါ ခွန်းနစ်စိတ်ထဲ မကျေနပ်မှုလေးက ဝင်ရောက်လို့လာခဲ့သည်။

ငါကသာ စိတ်ပူနေတယ်။ သူကတော့ ‌စိတ်နဲ့ကိုယ်နဲ့ရော ကပ်ပုံရရဲ့လားမသိ...သိ...

"အစ်...အဟွတ် ဟွတ်"

ခြောက်သွေ့ကာ စူးတက်လာသည့်လည်ချောင်းကြောင့် အသက်အမြန်အောင့်ကာ ထွက်လာခါနီးချောင်းဆိုးကို လက်ဖြင့်ဖိပိတ်လိုက်ရသည်။ ကျေးဇူးရှင်က ခိုးကြည့်နေတုန်းမှာ မျက်ဝန်းလှန်ကြည့်လာသည်မို့ ခေါင်းကို ချက်ချင်းပြန်လှည့်လိုက်သော်လည်း ကိုယ်လုံးက ဘေးတစ်စောင်းကြီးဖြစ်ကျန်နေတာကြောင့် ခွန်းနစ်ကိုယ်က လိမ်လိမ်ကြီးဖြစ်နေလိမ့်မည်။

"ဟေ့ ဟိုကျောင်းသား ဘာဖြစ်တာလဲ"

တုန်ယင်သွားသော ကိုယ်လုံးက မဟုတ်တာလုပ်ထားသည့် လူတစ်ယောက်နှယ်။ စိတ်လှုပ်ရှားလာတော့ လည်ချောင်းအခြေအနေက ပိုလို့ပင်းဆိုးရွားလာသည်။ မျက်ဝန်းတွေကို မှိတ်လျက် ထိုလည်ချောင်းအဆင်ပြေအောင် ခွန်းနစ် အသက်ပြင်းပြင်းရှူလိုက်ရ၏။ ထို့နောက် စိတ်ကိုပိုင်းဖြတ်ကာ အဆူခံရလည်း ခံရပါစေတော့ဆိုသည့် စိတ်နှင့် လမ်းလျှောက်လာနေသည့် ဆရာ့ထံသို့ မော့ကြည့်လိုက်သည်။

friEND(COMPLETED)Kde žijí příběhy. Začni objevovat