(၂)

356 54 7
                                    

ချန်ချန်သည် မုချွင်းကျန်းရန်နှင့်အတူလိုက်သွားခဲ့သည်။

မုချွင်းကျန်းရန်၏ပုံပန်းသဏ္ဌာန်မှာ အရိုးပေါ်အရေတင်ဖြစ်နေပြီး ပိန်လှီလွန်းသည်မှာ ကြွက်သားသုံးမျှင်က ဦးခေါင်းတစ်လုံးကိုထောက်ပံ့ပေးထားသည့်အလား။ ဦးခေါင်းပေါ်တွင် ဖွာလန်ကြဲစုတ်ပြတ်နေသောဦးထုပ်တစ်လုံးကိုဆောင်းထားပြီး လက်တစ်ဖက်ဖြင့် ချန်ချန်ကိုဆွဲခေါ်သွားနေသည်။ သူ့ပုံစံမှာ ကျန်းဟူတစ်ခွင် သုခုမအနုပညာဖြင့်နယ်လှည့်ဖျော်ဖြေတင်ဆက်လေ့ရှိသော ပြဇာတ်အဖွဲ့ခေါင်းဆောင်တစ်ဦးက အသစ်စက်စက်အခြွေအရံလေးတစ်ယောက်ကိုခေါ်ဆောင်လာသည့်နှယ်။

ချန်ချန်မှာ ကလေးတစ်ယောက်၏ရုပ်ရည်သွင်ပြင်မျိုးသာရှိသေးသော်ငြား စိတ်ထဲတွင်မူ လူငယ်လေးတစ်ယောက်၏နှလုံးသားမျိုးရှိနေနှင့်ပြီးဖြစ်သည်။

၎င်းမှာ တိတ်ဆိတ်စွာလျှောက်လှမ်းနေရင်းသော်ငြား အဆုံးတွင်မူ မနေနိုင်မထိုင်နိုင်ဖြစ်စွာ တစ်ချက်မျှနောက်လှည့်ကြည့်မိလိုက်လေသည်။

သူနောက်လှည့်ကြည့်လိုက်သောအခါ ခြင်းတောင်းစုတ်တစ်လုံးကိုကျောပိုးထားသောမိခင်ဖြစ်သူကိုတွေ့လိုက်ရသည်။ ခြင်းတောင်းအတွင်းရှိ သူ၏ညီငယ်လေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ ခြင်းတောင်းအပြင်ဘက်ရှိ မိခင်ဖြစ်သူမှာမူ တအီအီငိုကြွေးနေပြီး မျက်နှာအမူအရာမှာဝေဝါးနေသည်။ သူ၏ဖခင်ဖြစ်သူမှာမူ ခေါင်းငုံ့ထားပြီး တစ်ဖက်တွင်တိတ်ဆိတ်စွာမတ်တပ်ရပ်နေ၏။ သက်ပြင်းချနေသည်လော သို့မဟုတ် သူ့ကိုယ်သူအပြစ်တင်ရှက်ရွံ့နေသည်လောမသိနိုင်ပေ။ သူ့ကိုနောက်တစ်ကြိမ်ခေါင်းမော့မကြည့်ရဲတော့သည့်နှယ်၊ သုန်မှုန်ထိုင်းမှိုင်းနေသောအရိပ်သဏ္ဌာန်တစ်ခုအဖြစ်သာမတ်တပ်ရပ်နေရှာသည်။

ချန်ချန်မှာ သိပ်ပြီးမခွဲနိုင်မခွာရက်ဖြစ်မနေဘဲ သူ့အကြည့်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ မရေရာမသေချာသောအနာဂတ်ရှေ့ခရီးလမ်းမှာ အဆုံးအစမဲ့သောညဉ့်အမှောင်ထုသဖွယ်။ ထို့အပြင် ဆရာဖြစ်သူ၏ပိန်လှီခြောက်ကပ်နေသောလက်တစ်ဖက်ကိုဆုပ်ကိုင်ထားနေရသည်မှာ ချန်မိသားစု၏ဘိုးဘွားအမွေအနှစ်ရတနာပစ္စည်းတစ်ခုဖြစ်သော အနှီမီးအိမ်တစ်လုံးကိုကိုင်ထားနေရသယောင်__ထိုပစ္စည်းမှာ 'အမတနတ်ဘုရား' ဟူသော ရှေ့ဆက်စကားလုံးကို အရှက်မရှိဝင့်ကြွားစွာရေးထွင်းထားသော်ငြား ၎င်းမှာ ယခင်အတိုင်း ခြေထောက်အောက်ခြေတွင် လက်မအနည်းငယ်မျှသာကျယ်ဝန်းသော ရောင်လျှံစက်ဝိုင်းတစ်ခုကိုသာထုတ်လွှတ်နိုင်သည့် အဆင်းသာရှိပြီး အချင်းမရှိသောပစ္စည်းတစ်ခုပင်ဖြစ်သည်။

လျို့ယောင်Where stories live. Discover now