သားဖြစ်သူကို ချော့ဖို့အရေး လာရောက်အားဖြည့်သည့် မိခင်ဖြစ်သူက ဤသို့ အစားဖြေ၏။ ကလေးက လူပျိုပေါက်ခါနီးမှ တီဘီရောဂါဖြစ်သည်မို့ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားတာကြောင့် ခုနောက်ပိုင်း စိတ်ထိလွယ်ရှလွယ်နေရှာသည်။ တစ်အိမ်လုံးဆိုသော်လည်း လက်ရှိမှာ သူမနှင့် သူမယောက်ျားသာရှိတာကြောင့် တစ်ဦးတည်းသောသဖွယ် ဖြစ်နေသည့်သားကို ရွှေလိုဥမတတ် ရောဂါကုသပေးနေရတာဖြစ်၏။

လခစားဝန်ထမ်းမိသားစုရဲ့ ငွေကြေးကြွယ်ဝမှုက အံ့ဩဖွယ်မရှိလှပေမဲ့ ထူးချွန်ထက်မြတ်သည့် သားကြီးနှင့် ချစ်စဖွယ်ကောင်းသည့် သားထွေးလေးဖြင့် စည်စည်ကားကားရှိခဲ့ဖူးပါသည်။ သို့သော်လည်း ရွှေ့ရေးပြောင်းရေးတွေနောက်မှာ သားကြီးရဲ့ ပညာရေးအတွက် အတောင်ပံတပ်ပေးလိုက်ရတာကြောင့် မိသားစုအားလျော့သွားတာမှ မကြာသေး သားငယ်၏ ရောဂါက သူတို့အတွက် ဒုက္ခတစ်သီဖြစ်လာခဲ့တာ ယခုဆို သုံးလခန့်ပင်ရှိတော့မည်။

"ကိုယ့်ဟာကိုယ် အဟွတ်...သွားမယ်လို့ ပြောသားပဲ"

"ကဲပါ သားငယ်ရယ်။ကိုကိုကြီးက တစ်လနေလို့ တစ်ခေါက်တောင် လိုတာမတောင်းရှာပါဘူး။ သား ကျူရှင်မသွားချင်ဘူးလား။ မသွားချင်ရင်လည်း အိမ်မှာပဲ နားလိုက်လေ။မေမေ ဆရာကြီးဆီ သွားပြောပေးမယ်"

လူငယ်လေးက ခေါင်းကိုခါသည်။ ပြီးတာနှင့် လျော့တိလျော့ရွဲဖြစ်နေသော လွယ်အိတ်ကို ခပ်တင်းတင်းဆုပ်ရင်း ထိုင်နေရာမှထ၏။

"မှီတဲ့နေရာက ဝင်တက်မယ်"

ထိုစကားဟာ မိဘနှစ်ပါးအား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ပြုံးစိစိဖြစ်သွားစေ၏။ အမျိုးသမီးကြီးက ဖခင်ဖြစ်သူထံ မျက်စပစ်ကာ အခြေအနေကိုဖမ်းဆုပ်ဖို့ အချက်ပြသည်ဆိုလျှင်ပဲ သဘောပေါက်လွယ်သည့် အမျိုးသားကြီးက ဆိုင်ကယ်ကို စက်အမြန်နှိုးစေလိုက်သည်။

"တက်ကွာ။ ငါ့သားကျူရှင်ပြန်ရင် တို့မိသားစု ညနေစာကို ရွှေမုဌောနားက မုန့်ဟင်းခါးဆိုင်မှာ စားကြမယ်ဟေ့"

"သားငယ်ရဲ့ ဆေးဘူးတွေ ပါပါတယ်နော်"

ဖအေဖြစ်သူ၏ ခါးကိုကိုင်ရင်း ခေါင်းငြိမ့်သည့်လူငယ်ကလေးကတော့ဖြင့် စောစောက စိတ်ဆိုးနေတာ သူမဟုတ်သည့်အတိုင်းပင်။ သို့သော် ဟန်ကိုယ်ဖို့လုပ်ကာ ခပ်တည်တည်ကလေး ဖြစ်နေစေရန်ကိုတော့ ကြိုးစားအားထုတ်ထားပုံ ရပါသေးသည်။

friEND(COMPLETED)Where stories live. Discover now