𝟵. 𝗠𝗼𝗻𝘀𝘁𝗲𝗿

123 25 1
                                    

၉။ မကောင်းဆိုးဝါး


အဝေးကလာနေတဲ့ ခြေသံတိုးတိုးကို နားစွန်နားဖျား ကြားနေရသော်လည်း အမြင်အာရုံတွေထဲမှာတော့ မှောင်ပိန်းနေတဲ့ ပိတ်ကားချပ်ကြီးကို စိုက်ကြည့်နေရသလိုသာ ခံစားရသည်။ မျက်စိမှိတ်ထားတဲ့ နောက်ကွယ်မှာ ဗလာနတ္တိဖြစ်တဲ့ ပန်းချီကားအနက်ရောင်တစ်ချပ်ကိုသာ မြင်နေရသလို၊ ကြယ်မရှိတဲ့ ကောင်းကင်အမည်းကြီးကို ကြည့်နေရသလို၊ စိတ်ထဲမှာလည်း ဘာအရောင်မှခြယ်သထားခြင်းမရှိတဲ့ အနက်ရောင်ခံစားချက်တွေသာ ပြည့်နှက်နေခဲ့သည်။

မနှစ်မြို့ဖွယ်ကောင်းသော၊ ဝမ်းနည်းပူဆွေးရသော၊ မျှော်လင့်ချက်ပျက်သုဉ်းသော၊ စတဲ့ခံစားချက်တွေကို ကိုယ်စားပြုတဲ့ အနက်ရောင်လွင်ပြင်ကျယ်ကြီးထဲမှာ တစ်ယောက်တည်း ရပ်တည်နေရသလို ခံစားမိနေရာက ခပ်ဝေးဝေးကလာတဲ့ ခြေသံဟာ နားစည်ထဲ တိုးဝင်လာခဲ့သည်။ သူမ မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ လေယာဉ်မယ်ဝတ်စုံလေးနဲ့ ဝန်ထမ်းမလေးတစ်ယောက်ဟာ သူမ ထိုင်နေရာကို အပြုံးတစ်ပွင့် ဆင်မြန်းပြီး လျှောက်လာနေတာကို တွေ့လိုက်ရသည်။ ဝန်ဆောင်မှုပေးလာတဲ့ ပေါင်မုန့်လိပ်လေးကို ယူလိုက်ကာ ခေါင်းလေးငြိမ့်၍ ကျေးဇူးတင်ကြောင်း ပြုမူလိုက်တော့ ပျူငှါတဲ့ လေယာဉ်မယ်မလေးဟာ ချိုသာစွာ နှုတ်ဆက်စကားပြောရင်း လှည့်ထွက်သွားခဲ့သည်။

သူမ ဘေးကိုကြည့်လိုက်တော့ အိပ်မောကျနေတဲ့ ခင်ပွန်းဖြစ်သူအား တွေ့ရသည်။ အလုပ်ပင်ပန်းလာတဲ့အပြင် သူမ ရှိတဲ့ ကိုရီးယားနိုင်ငံ ဆောအူလ်မြို့ကို တကူးတက လာခေါ်ရတဲ့အတွက် အတော်လေး ပင်ပန်းနေပုံရသည်။ လေယာဉ်ပေါ်က ခရီးသည်အများစုဟာလည်း တိတ်ဆိတ်စွာ အိပ်မောကျလျက်ရှိနေကြပြီး ထိုအထဲမှာမှ သူမ တစ်ယောက်တည်း နိုးကြားနေခဲ့ခြင်းဖြစ်သည်။ သူမဟာ ကိုရီးယားသူလေးဖြစ်ပြီး သူမရဲ့ ခင်ပွန်းဟာလည်း ကိုရီးယားလူမျိုးပင်ဖြစ်၏။ သို့သော် နိုင်ငံခြားမှာ ကြီးပြင်းပြီး စီးပွါးရေးလုပ်ငန်းတွေ တိုးချဲ့တဲ့ မိသားစုက ပေါက်ဖွားလာခြင်းဖြစ်လို့ သူမအမျိုးသားဟာ အိမ်ထောင်ပြုပြီး သူနေထိုင်ရာ ကနေဒါနိုင်ငံကိုပဲ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now