အပိုင်း ⊰ ၁၀ ⊱

388 85 14
                                    

နေနွေပြင်းပြင်းအောက်မှာ အမောတကောဖြင့် လမ်းလျှောက်လာသည့်ဆာမိ၏မျက်နှာက ချွေးစို့နေလျက်။ မနက်က ပဲခင်းထဲသွားချိန် ခမောက်ယူလာဖို့မေ့ခဲ့တာမို့ အကာအကွယ်မဲ့နေသည့်ဆာမိက ခပ်ညိုညိုအသားအရေတွေက နေရောင်ကြောင့် နီစပ်နေ၏။

“အမလေး! မောလိုက်တာ!”

ရေဖြန်းထား၍အေးစိမ့်စိမ့်ဖြစ်နေသောခြံဝန်းမြေပေါ်တွင်ရပ်ပြီး ပါးစပ်ဟကာအသက်ရှုနေလျက်အမောဖြေနေသူဆာမိကို ဂျောင်ကုက တစ်ချက်သာမော့ကြည့်ပြီး သူ့အလုပ်သူဆက်လုပ်နေသည်။

“ဗျို့! ကျုပ်သူဌေး! ဘယ်မတုန်းဗျ!”

အိမ်ကြီးရှိရာသို့သာမော့ကြည့်ပြီး အော်ဟစ်အသံပေးနေသူဆာမိက ဘေးခပ်လှမ်းလှမ်းတွင် စက်ဘီးပြင်နေသည့်ဂျောင်ကုကို မမြင်။

“ကျုပ်သူဌေးရေ! ကျုပ်သူဌေး!”

“မင်းဘိုးအေက ဒီမှာဟ!”

အော်ကြီးဟစ်ကျယ်လုပ်ပြီး အိမ်အောက်ထဲသို့သာမျက်လုံးရောက်နေတဲ့ဆာမိက ဘေးကထွက်လာတဲ့ ဂျောင်ကု၏အသံကြောင့် အထိတ်တလန့်ဖြစ်ကာ ရင်ဘက်ကိုလက်နှင့်ပင် ဖိလိုက်သေးသည်။ ပြီးမှ ဂျောင်ကုရှိရာသို့လျှောက်သွားရင်း သူဌေးဖြစ်သူ၏အထူးအဆန်းဖြစ်နေသည့်လုပ်ဆောင်ချက်အား စနည်းနာနေ၏။

“ကျုပ်သူဌေး၊ ဒီစက်ဘီးကိုရောင်းမလို့လား”

“‌မရောင်းပါဘူး”

စက်ဘီးထိုင်ခုံကို ဖုန်သုတ်နေရင်း မျက်နှာကြီးရှုံ့မဲ့စွာပြန်ဖြေလာသည့်ဂျောင်ကုကြောင့် ဆာမိက အခြေအနေကို နားမလည်ဟန် ခေါင်းကုတ်သည်။ သူဌေးမင်းနဲ့စက်ဘီးဆိုတာ အင်မတန်မှ မြင်ရခဲတဲ့အတွဲအစပ်မို့ပင်။

“ဒါဖြင့်၊ ဘာလုပ်မလို့လဲ”

“စီးမလို့ပေါ့ကွ”

“ကျုပ်သူဌေးရယ် အပင်ပန်းခံပြီး‌ဗျာ။ ဂျစ်ကားရှိတာပဲ၊ သွားစရာရှိရင် အဲ့တာနဲ့သွားရင် ပိုတောင်သက်သာသေးတာ‌ကို”

ပြောင်စင်သွားတဲ့ထိုင်ခုံနှင့် စက်ဘီးတစ်ခုလုံးကို အကဲခတ်ကာ ဂျောင်ကုက မတ်တပ်ရပ်လိုက်သည်။ အဘိုးရှိစဉ်ကတည်းက ချောင်ထိုးထားခဲ့သည့်စက်ဘီးလေးက မပျက်စီးပဲ အကောင်တိုင်းရှိနေသေးလို့ တော်သေးသည်။ ဂျစ်ကားနဲ့လာမကြိုပါနဲ့ဆိုတဲ့ဆရာလေးကို သယ်ယူပို့ဆောင်ရေးအတွက် ဒီစက်ဘီးလေးသာ အားကိုးစရာရှိပါသည်။

❛❛ချစ်သဝဏ်လွှာ❜❜ (REST)Where stories live. Discover now