အိမ်ကြီး၏ပြတင်းပေါက်ဘောင်တွင် လက်ပိုက်ကာမေးတင်ထားသည့်ဂျောင်ကုသည် အရင်လိုလွမ်းရမယ့်သူလည်းမရှိပါပဲ လမင်းကြီးကိုငေးကြည့်နေခြင်းမျိုးမဟုတ်ပဲ တစ်ဖက်မှအိမ်ပုလေးဆီသို့ ခေါင်းစောင်းကြည့်နေခြင်းဖြစ်သည်။
ခေါင်းစောင်းကြည့်နေရာမှ တဖြည်းဖြည်း ကိုယ်လုံးပါ အပြင်ရောက်တော့မည်မို့ အနောက်ကဘီရိုထဲတွင် တိုလီမုတ်စတွေရှင်းနေသည့်ဆာမိက ထဆွဲရတော့သည်။
“ကျုပ်သူဌေးရယ်၊ ဘယ်လိုဖြစ်ရတာလဲ။ ပြုတ်ကျကုန်ပါအုန်းမယ်”
“လွှတ်ပါကွာ၊ ငါဘာသာငါထိန်းနိုင်တယ်”
ရှက်ကိုးရှက်ကန်းနဲ့ ခါးကနေလှမ်းထိန်းထားသည့်ဆာမိ၏လက်တွေကိုအတင်းရုန်းကာ ဂျောင်ကုက ပြတင်းပေါက်ဘောင်ကိုမှီကာ ရပ်လိုက်သည်။ အရင်ကဆို ဒီအိမ်ပုလေးကို ရှိတယ်လို့ပင်မထင်မိသော်လည်း ညနေကမှ အသစ်စက်စက်အိမ်ပြောင်းလာသူကြောင့် ရှေ့လျှောက် စိတ်မဝင်စား၍မရတော့ပေ။
ထိုအိမ်ပုလေးရဲ့အရှေ့ပြတင်းပေါက်ကနေ မီးရောင်မှိန်မှိန်လေးသာမြင်ရပြီး အထဲကလှုပ်ရှားမှုကို ဘာဆိုဘာမှမမြင်ရ။ ညစာအတွက် သူကြီးအိမ်လာပို့ပြီးသွားနောက်တွင် လူမရှိသလိုပင် တိတ်ဆိတ်ငြိမ်သက်နေသည့်အိမ်ပုလေးထဲမှ ဆရာလေး၏လှုပ်ရှားမှုအစီအစဉ်တွေကို ဂျောင်ကု အထူးတလည် စိတ်ဝင်စားနေမိသည်။
“ဆာမိ”
“ဗျား”
ဘီရိုရှင်း၍ရသည့် အတိုအစတွေကို အိတ်တစ်လုံးထည့်နေရင်း ဆာမိက ဂျောင်ကု၏အခေါ်ကို ပြန်ထူးသည်။
“လူတစ်ယောက်ကို ချစ်မိသွားရင် အဲ့လိုပဲ ထိုင်မရ၊ထမရဖြစ်တတ်လား”
“ဘယ်လို၊ အထူးတဆန်း။ ကျုပ်သူဌေးက အချစ်တွေ့နေပြီလားဗျ။ ဘယ်ရွာသူလေးလဲ၊ ကျုပ်ကိုလည်း သတင်းဝေမျှပါအုန်းဗျ”
“မင်းမသိလည်း တိတ်တိတ်နေစမ်းပါကွာ!”
ဂျောင်ကုက ထဟောက်တော့မှသာ ဆာမိက ပါးစပ်လေးပိတ်ကာ ဇာတ်ပုသွားသည်။ ဆာမိက ဂျောင်ကုထက် ခြောက်နှစ်လောက်ငယ်သည့် လူပျိုပေါက်လေးဖြစ်ပေမယ့် အချစ်ရေး၊အချစ်ရာမှာတော့သုံးဆယ်နားကပ်နေသည့်မည့် လူပျိုကြီးပေါက်စထက်တော့ အများကြီး ဗဟုသုတကြွယ်သည်။
YOU ARE READING
❛❛ချစ်သဝဏ်လွှာ❜❜ (REST)
Romanceကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...