“အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး”ဆိုသော ခံယူချက်ကြီးနှင့်ဂျောင်ကုတစ်ယောက် မနက်ကတည်းက မီးဖိုချောင်ထဲတွင် ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။
တကုတ်ကုတ်နဲ့အလုပ်များနေရင်း မွန်းမတည့်မီအချိန်ရောက်တော့မှသာ ဂျောင်ကုက ငါးဆင့်ချိုင့်ကြီးထဲသို့ မနက်က အားကြိုးမာန်တက်ချက်ထားသောဟင်းမျိူးစုံနဲ့ထမင်းကိုထည့်ကာ မီးဖိုချောင်ထဲမှထွက်လာသည်။ ခြံဝသို့လမ်းလျှောက်ရင်း လက်ထဲမှငါးဆင့်ချိုင့်ကြီးကိုကြည့်ကာ ဂျောင်ကုက ကြည်ကြည်နူးနူးပြုံးလျက်။
ဖုန်ထမည်ဆိုး၍ ရေဖြန်းထားသောခြံဝန်းမြေပေါ်မှ ရွာလယ်လမ်းမြေနီနီပေါ်သို့ ကူးပြောင်းသွားသောဂျောင်ကု၏ခြေလှမ်းကျဲများဟာ ရွာထိပ်မှ စာသင်ကျောင်းလေးဆီသို့...။
* * * * *
ဂျောင်ကု ကျောင်းရှေ့ရောက်ချိန်တွင် ကျောင်းခန်းထဲတွင် ကလေးတွေက စာသင်တုန်းရှိသေးသည်။ သူက တမင်သက်သက်ကို အစောထွက်ခဲ့တာမို့ ဒီအချိန် ထမင်းစားဆင်းချိန်တော့ မဟုတ်သေးပေ။ ကျောင်းခန်းတွေကိုကျော်ပြီး နားနေခန်းဆီရောက်တော့ အရင်ရောက်နှင့်ပြီးသား ဟင်းချိုင့်ကိုတော့မတွေ့တာမို့ ဂျောင်ကု အကျေနပ်ကြီးကျေနပ်သွားကာ လက်ထဲကငါးဆင့်ချိုင့်ကို စားပွဲပေါ်သို့ အသေအချာတင်လိုက်သည်။
အလယ်မှာစားပွဲကြီးနှင့် ဘေးတွင်ထိုင်ခုံတန်းနှစ်ခုချထားပြီး စားပွဲပေါ်တွင်တော့ စာအုပ်အနည်းတင်ထားသည့်နားနေခန်းက ရှင်းရှင်းလင်းလင်း။ စာသင်ဆောင်သစ်နဲ့ဘေးချင်းကပ်ရပ်မို့ ဒီကိုရောက်ဖို့ လမ်းအကြာကြီးတော့ လျှောက်စရာမလို။
ဂျောင်ကု နားနေခန်းထဲ တစ်ချက်လျှောက်ကြည့်ပြီး ပျင်းလာတာမို့ စာအံ၊စာရွတ်သံတွေ ညီညာပျံ့လွင့်လာသည့်စာသင်ဆောင်ဘက်သို့ ခြေလှမ်းဆက်မိသည်။ အုတ်နဲ့အခိုင်အမာဆောက်ထားသည့်စာသင်ဆောင်၏အရှေ့တွင် ဝရံတာလည်းထုတ်ထားသေးတာမို့ အဆော့မက်တဲ့ကလေးတွေအတွက်တော့ မိုးရွာလည်းအေးဆေးဆော့နိုင်မည့် အနေအထားပင်။
ပထမစာသင်ခန်းဆီရောက်တော့ အခန်းထဲတွင်ဆရာတော့မရှိ။ တချို့ကျောင်းသားတွေက စာကုန်းရေးနေကြသလို တချို့ငပေလေးတွေက ခဲတံနဲ့ကစားနည်းမျိူးစုံကစားနေကြလေရဲ့။ သူဝင်လာတော့ ဆရာထင်ပြီး စကားပြောသံတွေခနတိတ်သွားပြီး ဆရာမဟုတ်မှန်းသိတော့မှသာ သူတို့အလုပ်သူတို့အေးဆေးဆက်လုပ်ကြတဲ့ လူလည်လေးတွေ။
YOU ARE READING
❛❛ချစ်သဝဏ်လွှာ❜❜ (REST)
Romanceကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...