ဆေးရုံတက်ပြီး သုံးရက်အကြာတွင် ဂျောင်ကုထံသို့ ဖခင်ဖြစ်သူရောက်လာခဲ့သည်။
သားတစ်ယောက်လုံးဓားထိုးခံရ၍ဆေးရုံတက်ရသည်ကို ချက်ချင်းရောက်မလာသူဖေဖေအား ဂျောင်ကု အထူးတလည်စိတ်မဆိုးနေချင်တော့။ ဒီလိုအရာမျိုးတွေနဲ့ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရပြီးပြီပဲ။ သူနေသားကျဖို့ ကြိုးစားရန်သာလိုပါသည်။
"တရားခံကို ဖေဖေ့ဘက်ကလည်းအတတ်နိုင်ဆုံးစုံစမ်းပေးပါမယ်"
တည်ငြိမ်နေသောဖခင်ဖြစ်သူ၏လေသံကို ဂျောင်ကုက ဟာသတစ်ခုကိုကြားလိုက်ရသလို ရယ်သည်။
"မလိုပါဘူးဗျာ၊ ကျွန်တော်နည်းကျွန်တော့်ဟန်နဲ့အဲ့ဒီ့တရားခံကိုရအောင်ဖမ်းမှာပါ။ ဖေဖေ့ရဲ့အကူအညီကို တကယ်ကိုမလိုအပ်တာပါ"
ဂျောင်ကုက အပြုံးမပျက်ပြောနေပါသော်လည်း ဖခင်ဖြစ်သူသည်တော့ သိသိသာသာမျက်နှာပျက်သွား၏။ ဇနီးဖြစ်သူနဲ့ပတ်သတ်ပြီး ဒီကောင်လေးသူ့အပေါ်အထင်လွဲနေမှန်းသိသော်လည်း အကြောင်းစုံရှင်းပြလိုက်လျှင် ကောင်းသည့်အရာတွေဖြစ်မလာနိုင်သည်မို့ သူမျက်နှာလွှဲထားရခြင်း။ အဓိကက သားဖြစ်သူအား စိတ်ဒဏ်ရာမရစေချင်၍သာ။
"ဖေဖေ မင်းနဲ့စကားမများချင်ဘူး ဂျောင်ကု"
"ဒါဆို ဘာလို့လာနေသေးတာလဲ။ ဖေဖေနဲ့ဆုံရင် ကျွန်တော့်မှာစကားအကောင်းပြောစရာမရှိတာ ဖေဖေမသိလို့လား"
သားဖြစ်သူ၏ဂျစ်ကန်ကန်စကားအဆုံးတွင် သူ သက်ပြင်းသာချလိုက်မိသည်။
"ကောင်းပြီလေ၊ ဒါဆို ဖေဖေပြန်ပါ့မယ်။ လိုအပ်တာရှိရင် ဖေဖေ့ကိုအကြောင်းကြားလိုက်နော်"
နှုတ်ဆက်စကားပြောပြီး ဂျောင်ကု၏အဖေက အခန်းထဲမှပြန်ထွက်မည်အလုပ် တံခါးဖွင့်ဝင်လာသည့်ဟိုဆော့နှင့်ဆုံသွား၏။ မြင်ရုံနဲ့တင် ရိုးရှင်းအေးချမ်းမှုအပြည့်ရှိသည့်ဆရာဝန်လေးက သူ့ကိုချက်ချင်းအရိုသေပေးကာ နှုတ်ဆက်၏။
"ကိုကိုရာ ကြာလိုက်တာ၊ ကျွန်တော်က တွေ့ချင်လွန်းလို့စောင့်နေတာကို"
ခုတင်ပေါ်မှကောင်လေးထံသို့ စုပုံကျရောက်သွားသောအကြည့်များသည် အဓိပ္ပာယ်များစွာကွဲလွဲနေ၏။ ဟိုဆော့သည်တော့ လူကြီးရှေ့တွင် ဂျောင်ကုအား အပြောအဆိုဆင်ခြင်ဖို့ သတိပေးသည့်မျက်လုံးများဖြစ်သော်လည်း ဂျောင်ကု၏ဖခင်သည်တော့ အခြေအနေကိုသဘောပေါက်နားလည်သွား၍ မသိမသာပြုံးသွားသည့်မျက်လုံးများသာ။