"သား၊ မျက်တွင်းတွေကျနေသလိုပဲ။ ညဘက်တွေအရမ်းနက်တဲ့အထိမနေပါနဲ့လား"
screenတစ်ဖက်မှ မေမေ့၏အစိုးရိမ်ပိုသည့်စကားများကြောင့် ဟိုဆော့ရင်ဘက်ထဲမှ ဟာလှပ်နေသောနေရာလေးသည် နွေးထွေးမှုဖြင့်ပြည့်လွှမ်းသွားသည်။ ပက်လှန်အနေအထားမှခေါင်းအုံးပေါ်မှောက်လိုက်ရင်း ဖုန်းကိုခုတင်ခေါင်းရင်းနံရံနှင့်မှီထားလိုက်သည်။
"ဒီတစ်ပတ်အတွက် အစီရင်ခံစာကနည်းနည်းအရေးကြီးလို့ပါ။ ဒါသာပြီးရင်တော့ အဆင်ပြေသွားပါပြီ"
"အော် ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာဝန်ဆိုတာက စက်ရုပ်မှမဟုတ်ပဲ သားရယ်။ နားနားနေနေလုပ်မှပေါ့"
စကားပြောနေရင်ပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးက အရေးအကြောင်းတွေကြားမှ မေမေ့ပါးပြင်ထက်တွင် လှမ်းမြင်နေရသည်။ သူ့ထံတွင်လည်း မေမေ့ထံမှအမွေရထားသည့် ပါးချိုင့်ပိစိလေးများရှိသည်။
"ဟုတ်ကဲ့ပါဗျာ၊ ဒါနဲ့ ဖေဖေရော"
"ထုံးစံအတိုင်း အိမ်ရှေ့မှာရွာကလူကြီးတွေနဲ့အာလူးဖုတ်နေတယ်"
သူ့ကို ဆိုလ်းမှာမွေးပေမယ့် ဖေဖေနှင့်မေမေ၏ဇာတိက ဂျယ်ဂျူမှာဖြစ်သည်။ သူဆေးကျောင်းတက်တဲ့အချိန်အထိ ဆိုးလ်မှာအတူနေခဲ့ပေမယ့် ဘွဲ့ရပြီးအလုပ်သေချာရပြီးချိန်မှာတော့ ဖေဖေရော၊မေမေရောက ဂျယ်ဂျူကိုသာပြန်သွားကြသည်။ ကျန်းမာရေးသိပ်မကောင်းသည့်အဘွားလည်းရှိတာကြောင့် အနီးကပ်ဂရုစိုက်ပေးချင်သည်ဟုပြောသည်။ သူလည်း ပိတ်ရက်ကိုပင် နားချိန်မရှိတာကြောင့် မေမေတို့ဆီ မပြန်ဖြစ်သည်မှာကြာပြီ။ သားရဲ့အကြောင်းကိုအပြည့်အဝနားလည်သည့်မေမေက မေမေတို့ဆီလာပါတစ်ခွန်းမပြောဘဲ ဒီမှာကျန်းမာရေးနှင့် အစစအရာရာဂရုစိုက်ဖို့သာ အမြဲမှာသည်။
"ဒီကြားထဲအချိန်ရရင် မေမေတို့ဆီသားလာခဲ့မယ်"
"နေပါ သားရယ်၊ ဆေးရုံမှာလည်း ပင်ပန်းတာနဲ့၊ အဲ့မှာပဲ နေပါ"
အနောက်မှ တံခါးဖွင့်သံအရ ယိုဟန်အခန်းထဲဝင်လာမှန်း ဟိုဆော့သိလိုက်သည်။
"အန်တီရေ၊ ဒီတစ်ခါ ဟိုဆော့လာရင် ဂုံးတွေထည့်ပေးလိုက်ပါ။ အဲ့က လတ်လတ်ဆတ်ဆတ်ဆိုတော့ အရမ်းစားကောင်းတာ"