𝖤𝗉𝗂𝗌𝗈𝖽𝖾 - 8

445 87 17
                                    

အကူအညီတောင်းထားသော ဒေါက်တာယိုဟန်၏အမှုအတွက် ဂျောင်ကုတစ်ယောက် ပြေးပြေးလွှားလွှားဖြင့် တစ်ပတ်တာက အချိန်ကုန်သွားခဲ့သည်။ တရားရင်ဆိုင်ရေးအတွက် လိုအပ်တဲ့ထွက်ဆိုချက်တွေ၊ သက်သေတွေကိုလိုက်စုရင်း ဆေးရုံကိုပင်သွားရဖို့ သူ့မှာအချိန်မရှိပေ။ ဒေါက်တာယိုဟန်နှင့်ဆုံမိပေမယ့် အမှုအကြောင်းဆွေးနွေးရသည်မို့ အပြင်မှာတွေ့ဖြစ်သည်ကများသည်။ အခုအချိန် သူ့ရဲ့ဒေါက်တာ့မျက်နှာလေးကိုတွေ့ချင်သော်လည်း သူငယ်ချင်းရဲ့အမှုနိုင်သွားသည့်အခါ ပြုံးပျော်သွားမည့်ဒေါက်တာ့မျက်နှာလေးကိုစိတ်ကူးဖြင့်မြင်ယောင်မိရင်း သူသည်းခံထားရသည်။

အမှုအတွက်တော့ ခြုံကြည့်ရင် အလားအလာကောင်းသည့်အနေအထားပင်။ တစ်ဖက်ကုမ္ပဏီရဲ့ဟနေသည့်အားနည်းချက်တစ်ချို့ကိုလည်း အွန်းဝူ၏အကူအညီဖြင့် ရှာတွေ့ခဲ့သည်။ သို့သော် အဓိကအရေးကြီးသက်သေဖြစ်သည့် နစ်နာသူကို သူဘယ်လိုမှ‌တွေ့ခွင့်မရပေ။ အတွေ့လည်းမခံသည့်အပြင်၊ အိမ်ပြင်ကိုပင်မထွက်သည့်နစ်နာသူကို ကုမ္ပဏီဘက်က နှုတ်ပိတ်ထားပုံရသည်။

"ဂျောင်ကု၊ ဒီနေ့မှထွက်မလာရင် ဘယ်လိုလုပ်မလဲ။ မနက်ကျ ရုံးချိန်းလေကွာ"

ကားထဲမှ လမ်းတစ်ဖက်ခြမ်းရှိ အိမ်ပုလေးကို ဂျောင်ကု လှမ်းအကဲခတ်နေစဉ် တစ်ဖက်ခုံမှ အွန်းဝူ၏ပူပန်နေသည့်လေသံကို ကြားရသည်။ နစ်နာသူ၏အိမ်ရှေ့တွင် သူစောင့်ကြည့်နေသည်မှာ သုံးရက်ပင်ရှိပြီဖြစ်သည်။ နစ်နာသူကို အိမ်အပြင်ထွက်သည့် အရိပ်အယောင်ကိုပင် မတွေ့ရ။ နစ်နာသူ၏ဇနီးဖြစ်သူက တခါတလေ ဈေးသွား၊ဈေးဝယ် အိမ်ပြင်ထွက်လာပေမယ့် သူ့အတွက်အကျိုးရှိတာမျိုးတော့ ဘာမှမသိရပေ။ အထူးသဖြင့် နစ်နာသူက ရှေ့နေဆိုတာနဲ့ ရှောင်ပြေးနေသည်မှာ ပိုအခက်တွေ့ရသည်။

"ဟာ၊ ထွက်လာပြီကွ။ အွန်းဝူ၊ မင်း ဟိုဘက်ခြမ်းကနေပိတ်တားထား"

သူ့အစီအစဉ်ကိုပြောပြပြီးနောက် ဂျောင်ကု ကားပေါ်မှချက်ချင်းဆင်းလိုက်သည်။ လမ်းကူးချိန် ကားတွေကို လက်ကာပြရင်း တစ်ဖက်လမ်းကို မြန်မြန်ဆန်ဆန်ကူးသွားရသည်။ ဂျောင်ကုအနောက်သို့ အွန်းဝူ လိုက်လာသော်လည်း လမ်းကူးပြီးနောက် တစ်ဖက်လမ်းသို့ခွဲထွက်သွားသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now