𝖤𝗉𝗂𝗌𝗈𝖽𝖾 - 16

Start from the beginning
                                    

သဘာဝနေရောင်ကိုအသားပေးထားသောကြောင့် အမိုးမရှိသောကန်စွန်းဥစိုက်ခင်းတွင် ဦးထုပ်ရောင်စုံလေးတွေက သူ့နေရာသူ လှုပ်လှုပ်ရှားရှား။ လူသွားလမ်းလေးတွေခြားကာ နေရာတကျပုံဖော်ထားသော စိုက်ခင်းမြေတန်းတွေကြားထဲထိုင်နေသည့် အနီရောင်ပန်းပွင့်ဘောင်းဘီကြီးနှင့် ဟိုကြည့်ဒီကြည့်လုပ်နေသူဂျောင်ကုသည်တော့ အူလည်လည်ဖြင့်သာ။

ဒီအတိုင်းသွားရင် ဘောင်းဘီတွေပျက်စီးကုန်လိမ့်မည်ဆိုပြီး အဘွားက သူ့ကိုပန်းပွင့်ဘောင်းဘီကြီးထုတ်ပေးလိုက်သည်။ ဘောင်းဘီပွပွ၊ ဘွတ်ဖိနပ်အနက်နှင့် အဝါ‌ရောင်ဦးထုပ်အဝိုင်းကြီးရဲ့တွဲစပ်မှုရဲ့ကြည့်ကောင်းမှုကို အထူးတလည်တွေးကြည့်စရာမလို။ သူ့ကိုကြည့်ပြီးတစ်လမ်းလုံးပြုံးစိစိလုပ်လာသည့်‌ သူ့ရဲ့ဒေါက်တာလေးရဲ့မျက်နှာမှတစ်ဆင့် ကွက်ကွက်ကွင်းကွင်းသိနိုင်သည်။

ဒေါက်တာကတော့ ကန်စွန်းဥလေးတူးလိုက်၊ သူ့ကိုကြည့်ပြီးရယ်လိုက်နှင့်အလုပ်ရှုပ်နေသော်လည်း အလုပ်လက်မဲ့ဖြစ်နေသည့်သူ့ကို တခြားစိုက်ခင်းတန်းမှအဒေါ်ကြီးတွေကပါ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်မို့ ဂျောင်ကု ဇောချွေးတွေပါပျံလာသည်။

ဒေါက်တာကျတော့ သူ့လိုပန်းပွင့်ဘောင်းဘီနှင့်မဟုတ်ပဲ ပုံမှန်အဝတ်အစားနှင့်သာ။ သူ့အနေနဲ့ အဘွားရဲ့စေတနာကိုလည်းနားလည်သည်။ တစ်ရက်လောက်နေပြီးပြန်မည်စိတ်ကူးထားသည့် သူ့တွင်လည်း အင်္ကျီများများစားစားမပါသည်ကြောင့် ပေကျံသွားရင်ခက်မည်အတွေးနဲ့ ဖရိုဖရဲနိုင်သောအဝတ်အစားတွဲစပ်မှုကို ဂျောင်ကု အောင့်အီးသည်းခံကာ ဝတ်ထားရသည်။

နေထိုးတာကြောင့် ဦးထုပ်ကိုအရှေ့နည်းနည်းဆွဲလိုက်ပြီး မျက်လုံးလှန်ကြည့်မိတော့ စိုက်ခင်းမြောင်းလေးတစ်ဖက်ခြမ်း၌ မျက်နှာချင်းဆိုင်ရှိ ဒေါက်တာက ကန်စွန်းဥတူးနေရင်း သူ့ကိုကြည့်ကာရယ်နေသည်။

"ဒေါက်တာ၊ ကျွန်တော့်ပုံစံကအဲ့လောက်တောင်ကြည့်ရဆိုးနေလို့လား"

နှုတ်ခမ်းတင်းတင်းစေ့ကာအမေးပြုလာသည့်ဂျောင်ကုက ဒေါသထွက်နေသည်မဟုတ်သော်လည်း စိတ်ကတော့မကြည်။ အားကိုးတကြီးကြည့်လိုက်မိတဲ့ဒေါက်တာကပါသူ့ကိုရယ်နေ‌တာကြောင့် ဂျောင်ကု မျက်စိရှေ့က ပင်လယ်ထဲသာဝင်ပုန်းလိုက်ချင်စိတ်‌တွေပေါ်လာရသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now