"ဒါနဲ့ အလင်း နင်ဘယ်လိုလုပ်ပြီး ဒီကိုလိုက်လာတာလဲ။ "
ထမင်းစားနေလျက်ကပင် အလင်းထံသို့ကြည့်ကာ မေးသည့် လခြမ်းကွေးကြောင့် ကောင်းမြတ်သောသည်..
"ထမင်းအရင်စားပြီးမှ စကားပြောတာက ပိုကောင်းပါတယ် အကွေးရ။ အချိုပွဲစားရင်း အေးအေးဆေးဆေး ပြောကြပေါ့...နော်"ကောင်းမြတ်သော၏ ဤသို့စကားပြောပုံကို ကျွန်တော် အသေအချာပင်မှတ်သားနေစဥ်မှာပဲ..
"အင်းနော်.." ဆိုသည့် အသံဟာ တကယ့်ငြိမ်းချမ်းရေး သင်္ကေတ တစ်ခုပင်။လခြမ်းကွေးသည် ကောင်းမြတ်သော၏စကားဟူသမျှကို တွေဝေနေခြင်းတို့ အလျှင်းမရှိပဲ ခေါင်းငြိမ့်ပြတတ်သည်။ သူမသည် အရာရာကို တွေးသည်၊ သို့သော်လည်း သူမ၏ အတွေးတို့သည် ရိုးစင်းလွန်းသည်။
အကို့လို မဟုတ်တဲ့ လခြမ်းကွေးဟာ ကြယ်စင်လင်းလိုလည်း မဟုတ်ခဲ့ပါ။ တကယ်တော့ အကွေးဟာ အလင်းလိုမလှပါ။
"ထည့်စားလေ အောင်..."
ကျွန်တော့်ပန်းကန်ထဲသို့ ရောက်လာသည့် ပုဇွန်တစ်ဖတ်ကို ကြည့်လိုက်ရင်း အတွေးတို့ကိုရုတ်သိမ်းကာ ထည့်ပေးလာသူကို ပြုံးပြလိုက်ရသည်။
"ဒါလည်း စားနော် အကို..."
နောက်ထပ်ရောက်လာသည့် ကန်စွန်းရွက်ကြော်သည်လည်း ကျွန်တော့်အဖို့ ပျော်ရွှင်ဖွယ်ရာပါ။
"အလင်း ငါ့ကိုလည်း အမလို့ ခေါ်ကြည့်ပါလားဟင်"
"ငါ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်ကို ပြောပြ။ မှန်ရင် ခေါ်မယ်...."
"ဆယ်တန်းအောင်တဲ့ အချိန်လား။"
"No..."
"ဆရာမဖြစ်တဲ့ အချိန်..."
"No.."
လခြမ်းကွေးသည် ဇွန်းနှင့်ခရင်းကို ချလိုက်ပြီးနောက် ထိုင်ခုံတွင် ခြေနှစ်ချောင်းတင်ကာ အသေအချာနဲ့ အကြိတ်အနယ်နဲ့ကို စဥ်းစားလေတော့သည်။ တစ်ဖက်က ကြယ်စင်လင်းသည် No တစ်လုံးသာ ပြောပြီး အစားမပျက်ချေ။
"သြော်..ငါသိပြီ၊ ပိုက်ဆံသုံးရတဲ့ အချိန်။ ဟိုလိုလေ...မုန့်ဖိုးရတဲ့အချိန်။ ဟုတ်တယ်မလား..."