အပိုင်း (၄၅)

827 56 34
                                    

အရာအားလုံးကို ထားခဲ့ပြီး စိုစွတ်နေဆဲဖြစ်သည့် မျက်နှာပြင်အား ကောင်းကင်အထက်သို့မော့လိုက်သည့် ချက်ချင်းမှာပဲ သည်းမည်းစွာနှင့် ရွာသွန်းဖြိုးလာသည့် မိုး။

လူတစ်ယောက်လုံးတောင် ရူးမတတ်ဖြစ်နေသေးတာပဲ။ ကျွန်တော်လေ မိုးမိမှာကို ထူးပြီး မှုမနေတော့ပဲ နေရာမှာတင် ပေကပ်ကာ ရပ်နေမိသည်။

"အောင်..."

မိုးရေထဲရပ်ရင်း ကောင်းကင်အထက်မော့နေသည်က တစ်ကိုယ်လုံးစိုရုံမကလို့ နှုတ်ခမ်းတွေပါ ပြာချင်နေပြီ။ သို့သော်လည်း ကျွန်တော်သည် နေရာကနေတုပ်တုပ်မလှုပ်ချင်သေး။

"ဟိတ် အောင်...."

ဝိညာဥ်မဲ့ကျွန်တော့်ခန္ဓာက ဘာကိုမှ သတိမထားမိတော့ပဲ စိတ်လွတ်လက်လွတ်ဆိုသလို ရပ်တန့်နေတဲ့ အခိုက် ကျွန်တော့်မြင်ကွင်းထဲ ရောက်လာသည့် ကုက္ကိုရွက် စိမ်းမြမြလေး။

ဒီသစ်ရွက်စိမ်းလေးတွေကို အားကိုးတကြီးနဲ့ ကျွန်တော်ကြည့်နေမိတယ်။ ဒီအစိမ်းရောင်သစ်ရွက်ကလေးကများ ကျွန်တော့်စိတ်တွေကို ပေါ့ပါးအောင်လုပ်ပေးနိုင်မလားလို့ တွေးပြီးတော့လေ။

"ဟဲ့ စန္ဒသော်ကအောင်..."

ရုတ်တရပ် မြေပြင်ဆီသို့ ယိုင်နဲ့သွားသည့် ခန္ဓာကိုယ်အား မထူးတော့ပါဟု တွေးလိုက်ပြီး မြေပြင်ပေါ်ပဲ ဖြစ်သလို ထိုင်ချရင်း မိုးပေါက်များကြောင့် လှုပ်ခတ်နေသည့် မြေပြင်ပေါ်မှ မိုးရေများကိုကြည့်နေမိသည်။

မိုးပေါ်ကနေ ကျလာစဥ်မှာ ဖြူဖြူစင်စင်နှင့် ဟော..ညစ်ညမ်းရောင်သမ်းတဲ့ မြေကြီးအထက်လည်း ကျဆင်းလာရော...သူတို့လည်း ရောပြီးညစ်ညမ်းသွားလိုက်တာများ။ ဒါကြောင့် ပြောတာဖြစ်မည်။ မမြဲသော တရားတွေက အထူးအထွေလိုက်ရှာစရာမလိုပဲ အနီးအနားပတ်ဝန်းကျင်မှာပဲ ရှိတတ်ကြသည်။

"မြေကြီးကို နင့်အဖေအမှတ်နဲ့ ကြည့်နေတာလား...ကြည့်ဦး အရူးကြီးလိုပဲ အောင်ရယ်။ အသိလေး နည်းနည်းလောက် ကပ်စမ်းဟဲ့"

နောက်မှလူသည် ကျွန်တော့်နောက်ကျောကိုတွန်းရုံဖြင့် အားမရလို့ထင်သည် နောက်စေ့ကိုပါ လက်ဖြင့် တွန်း၍ ရှေ့သို့စိုက်ကျအောင်လုပ်နေသည်ကြောင့် ကျွန်တော့်မျက်နှာအား ဒီရေညစ်များထဲသို့ ကိုယ်တိုင်နှစ်ချလိုက်ချင်သည့် စိတ်တွေဖြစ်ပေါ်လာသည်။ ဒီဗွက်ရေတွေကများ ကျွန်တော့်ရင်ထဲကအပူတွေကို ငြိမ်းပေးနိုင်မလားလို့လေ။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now