ဒီလိုခံစားချက်တွေကို ခံယူဖို့လည်း ဆန္ဒရှိတာမလို့ တစ်ခါလောက်တော့ အခွင့်အရေးပေးပါ

တွေ့မြင်ပါရစေ

တရွတ်တိုက်နီးပါး ဆွဲလာခဲ့ရသော ခြေထောက်များသည် မြူတို့ရှင်းလင်းရာနေရာတွင် စုံမိကာရပ်တန့်သည်။ လေထုထဲမှ ရနံ့ပေါင်းစုံ၏ လားရာက ဤနေရာ။ သူ၏ ခံစားချက်တို့အား စုဆောင်း၍ ဂူသွင်းမြှုပ်နှံထားရာ။

ကတ္တရာလမ်းမည်းမည်းထက်တွင် ကားတစ်စီးကမှောက်နေသည်။ ကား၏ပတ်ပတ်လည်တွင် ယိုစိမ့်ကျနေသော ဓာတ်ဆီအိုင်တို့နှင့် ရောနေသည်မှာ နီပျစ်ပျစ်အရည်များ။ ရောနှောသွား၍ အရောင်ရင့်မနေတော့သော်လည်း ထိုအရာ၏ အနံ့အရ သေချာသည်က သွေးတွေပင်။

ထိုကားအနီးသို့ နီးကပ်စွာ လျှောက်သွားသောသူသည် ခါးအားကိုင်းကာ ကားထဲရှိတစ်စုံတစ်ရာကို ရှာဖွေသည်။ တစ်စုံတစ်ယောက်ကို...

ကားမောင်းသူခုံနေရာတွင် မည်သူမှရှိမနေ။ ရှင်းရှင်းပြောရလျှင် ကားတစ်စီးလုံးအတွင်း မည်သူမှမရှိ။

အားတင်းပြီး လာခဲ့ရတဲ့သူ့ကို ဒီလိုရက်စက်ကြပြန်ပြီပဲ။

မီးလောင်ခါနီးနေသော ကား၏နံဘေးတွင် တစ်စုံတစ်ယောက်သည် ဒူးထောက်ကာ ရင်ဘတ်အားဆုတ်ကိုင်လျက် နင့်နင့်သီးသီးရှိုက်ငိုနေသည်။ ငယ်စဉ်ကတည်းက မျက်ရည်မကျတတ်ပါသော ထိုသူသည် နှစ်ရှည်လများ သိုအောင်းလာသည်ဟု ထင်မှတ်ရသည့်အထိ ငိုနေသည်မှာ ရင်ဘတ်ရှိ အင်္ကျီတို့ပင် စိုရွှဲလာလျက်။

'ငိုလိုက်စမ်းပါ ငိုလိုက်စမ်းပါ
ငိုပြီးရင် ရှေ့ဆက်လျှောက်တော့'

'ခင်ဗျား ဘာနားလည်လို့လဲ...'

ဝတ်ရုံအနက်ဖြင့် တစ်ကိုယ်လုံးလုံအောင် ဖုံးကွယ်ထားသော လူတစ်ယောက်က ငိုနေသူ၏ရှေ့တွင်ရပ်ကာ ထိုစကားကိုပြောသည်။ မော့ကြည့်လာသောသူက ပြန်ချေပသည့်အခါ ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုချသည်။

'မင်း လက်လွှတ်သင့်တယ်လေ..'

'ဟင့်အင်း သူတို့ သူတို့က..'
ကျွန်တော့်ကြောင့်......

My MuseWhere stories live. Discover now