-4-

292 44 12
                                    

[Unicode]
Song recommendation-
Devil's Dance from The witches of Eastwick

လမိုက်ညသန်းခေါင်ယံအချိန် လမ်းမီးတိုင် တို့မှိန်ဖြဖြလင်းနေသော ကတ္တရာလမ်းမကြီးတွင် သူလမ်းလျှောက်နေသည်။ ဘေးဘီဝဲယာတွင် ရှိနေသည်က တွေ့နေကျဖြစ်သော တောအုပ်ကြီး။

ထိုအရှေ့တွင် မည်သည့်အရာရှိနေသည်ကို အတိအကျသိသည်။ သို့သော်လည်း ထိန်းချုပ်၍မရသော သူ၏ခြေထောက်များက သိသိရက်နှင့် ဆက်လျှောက်နေပြန်သည်က အလွန်ခက်လှပါသည်။

တရိပ်ရိပ်ဖြတ်သန်းလာရသော အပင်အုပ်အုပ်တို့၏ အရိပ်မည်းမည်းသည် တစ္ဆေတို့ လမ်းလျှောက်နေဟန်နှင့် သူ၏ဘေးတွင် ကပ်ငြိပါလာသည်။

လျှောက်လာရင်းမှ တစစမှောင်လာသည့် လမ်းအပိုင်းလေးသို့ ရောက်လာပြီပင် ဖြစ်သည်။ ဤနေရာမှ လမ်းမီးတိုင်ကလေးသည် အမြဲပျက်နေတတ်သည်။ ပျက်နေသည့် မီးတိုင်လေးနေရာသည် သူ၏အိပ်မက်ဆိုးတို့ စတင်မွေးဖွားရာ နေရာ။

ကြုံရမည့်အရာကို သေချာစွာသိရှိသော သူ၏စိတ်တို့က အခုချက်ချင်းပင် ထိုနေရာမှပြေးထွက်ချင်ရသည်။

ကြောက်ရွံ့သည်...

ထိတ်လန့်မိသည်...

မေ့ပျောက်ထားချင်သည်...

ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီနေရာက ခေါ်သွားပေးကြပါ...

ကျွန်တော် တကယ်ကြောက်တယ်...

ကြောက်စိတ်တို့က စိတ်အစုံကို နေရာယူသည့်အခါ လျှောက်လှမ်းရသော ခြေလှမ်းတို့က ယိုင်နဲ့နဲ့။ မြူတို့ဖြင့်ဖုံးအုပ်နေသော အမှောင်ထုကြီးကလဲ အတောမသတ်။

ခပ်ဝေးဝေးတစ်နေရာတွင် မီးရောင်လင်းလက်လက်နှင့် အငွေ့တလူလူကိုမြင်ရသည်။ ညှီစို့စို့ရနံ့နှင့်အတူ ဂတ်စ်ဆိုလင်းနှင့် ဓာတ်ဆီရောယှက်နေသော အနံ့တို့က လေထုထဲတွင် ပျံ့နှံ့နေသည်။

ဘယ်ဘက်ရင်အုံဆီမှ ထိုးအောင့်လာသော ခံစားချက်ကို ရသောအခါ ဝဲတက်လာသော မျက်ရည်များနှင့်အတူ အားတင်း၍ အသက်တစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်ရှုလိုက်သည်။

My MuseWhere stories live. Discover now