အခုချိန်မှာ သူဟာ သူ့ကိုယ်သူဆရာဝန်တစ်ယောက်ဆိုတာကိုမေ့သွားပြီး ကုတင်အထက်မှာ လဲလျောင်းနေသော ကြည်သာ့ခန္ဓာကိုယ်အား အတင်းဆွဲထူလေသည်။
"အဝန်း...စိတ်ကိုထိန်းဦး။"
"မဟုတ်ဘူး ကိုလွင်မောင်၊ မဟုတ်ဘူးလို့ ပြောပေးစမ်းပါဗျာ။ ကျွန်တော်တကယ် မယုံခဲ့တာပါ...အကိုကြီးက ကျွန်တော့်အလာကိုစောင့်နေတာလို့ပဲ ထင်ခဲ့တာ။ အကိုကြီးက ကျွန်တော့်ကို ပြုံးပြီးစောင့်နေရမှာလေ...ပြီးရင် ကျွန်တော့်ကို ဆိုင်ကယ်ပေါ်တင်ပြီး တောင်တွေအထပ်ထပ် အတူတူသွားကြမှာ...အကိုကြီးက ကျွန်တော်နဲ့အတူခရီးတွေသွားပြီး ဓာတ်ပုံရိုက်ချင်တာဗျ...."
မြေပြင်ပေါ် ဒူးထောက်ပြီး အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ကာ ငိုကြွေးနေသော အဝန်းကို အားလုံးက ဆွဲထားကြသည်။ အဝန်း၏ ဆွဲထူမှုနဲ့ ဆွဲ,မတင် မှုတွေကြောင့် ကြည်သာ့ရုပ်လောင်းသည် အေးချမ်းစွာရှိမနေတော့ပေ။
"ဘာလို့များ ကျွန်တော်ကိုမစောင့်ပဲ ထားခဲ့တာလဲလို့...ဟမ် ကျွန်တော့်ကို အဲ့သလောက်တောင်စိတ်နာလို့ ကျွန်တော့်ကိုမစောင့်ပဲထွက်သွားတာလား။"
အေးစက်နေသော ကြည်သာ့လက်ချောင်းတို့အား သူ့မျက်နှာနှင့် ထိကပ်ရင်း အော်ဟစ်နေလေသည်။
"ကြည်သာ မင်းကွာ၊ ငါတို့နဲ့အတူ ခရီးတွေသွားမှာဆို...."
သက်လျာသည်လည်း အဝန်းအား ဆွဲဖက်ထားလျက်ကပင် ကြည်သာ့ကို မေးလေသည်။
"မင်းပြန်လာစမ်းပါ ကြည်သာရာ။ ဒီမှာ မင်းညီလေးကို ကြည့်ဦးလေ...မင်းသိပ်ချစ်တဲ့ မင်းညီလေးက မင်းကြောင့်နဲ့ ငိုနေပြီ၊ ငါ မင်းလိုမချော့တတ်ဘူးကွ။"
အရာရာမှာ သူ့ကိုသာ ဦးစားပေးခဲ့ပြီး၊ အမြဲသူ့ဘက်က ရှိပေးခဲ့သည့် သူသိပ်ချစ်သော သူ့အကိုကြီးက အခုလိုမျိုး ကုတင်အထက်မှာလဲလျောင်းနေဖို့ အချိန်က စောလွန်းသည်။ တကယ်ဆို အကိုကြီးအပေါ်မှာ သူပေးဆပ်ဖို့ အများကြီးကျန်သေးတာကို အခုလိုမျိုးကြီး ခွဲခွာသွားဖို့က....တကယ်ကိုမှ စောလွန်းသေးပါသည်။
"သားငယ်ရယ် မင်းညီလေးတွေရောက်လာပြီလေ...အမလေး ငါ့သားလေး။ ငါ့သားဆရာဝန် သူတော်ကောင်းလေးကို စောစောစီးစီးခေါ်သွားကြတာ...ငါ့ကိုသာ အရင်ခေါ်သွားကြပါဟဲ့"
အပိုင်း (၅၂၊ ဒုတိယပိုင်း)
Start from the beginning