အပိုင်း (၅၁)

Magsimula sa umpisa
                                    

ဤသို့ ကျော့ရှင်းနေသော ညီမငယ်အား တစ်ချက်သာ ကြည့်လိုက်ပြီး...
"အလင်းနော် အလင်း၊ နင့်တော့ မဟုတ်တဲ့စာအုပ်တွေဖတ်ပြီး အကိုကို အကိုမှန်းမသိနဲ့။ နင် ငရဲကြီးမယ်...."

ဒီလောက်ပဲ တုန့်ပြန်လိုက်၏။

"ငရဲကတော့ ကြိုက်သလောက်ကြီးစမ်းပါစေ။ အလင်းတို့က အချစ်ကိုတော့ မကစားခဲ့ဘူး။ ဒီတော့ အချစ်ကပေးတဲ့ အပြစ်ဒဏ်ကို သူများတွေလို တစ်သက်လုံးဆွေးမြေ့ပြီး ခံစားနေရမယ့် သူစားတွေထဲ ပါမှာမဟုတ်ဘူး။နောက်ဘဝမှ ကြီးမယ့်ငရဲကတော့ ဆယ်ခါပြန် အကြီးခံပစ်ဦးမယ်။"

ကော်ရစ်တာမှာ ရပ်လျက်ရှိနေသော သက်လျာကိုပါ ထိမိစွာနှင့် ပြောလေသည်။ ရောင်နီဝန်း၏ ညီမအငယ်ဟာ ရောင်နီဝန်းအတိုင်းပင်။ ပြောချင်တဲ့စကားကို အာမနာတမ်းပြောချတတ်သည်။

"ငါ ပြန်တော့မယ် အဝန်း။ မင်းတို့လိုက်မှာလား။"

"မလိုက်ချင်ပါဘူး။ မမနှင်းရည်ကို သနားလွန်းလို့ မမကိုမြင်ရင်ငိုမိမှာ စိုးရတယ်။"

ရန်တွေ့တာထက်ဆိုးတဲ့ မျက်နှာအမူအရာတွေက သက်လျာရင်ကို ဆူပွက်စေသည်။ သို့သော်လည်း သက်လျာ အလင်းကိုနိုင်အောင်မပြောနိုင်ပါ။ ရောင်နီဝန်းတုန်းက နိုင်ခဲ့သလောက်၊ ဒီကြယ်စင်လင်းအလှည့်ကြမှ ခံနေရသည်။

"ကဲ ကဲ အလင်း...တော်လိုက်တော့နော်။ အိမ်ပြန်ကြမယ်။"

သက်လျာငြိမ်သက်သွားသည်ကြောင့် အဝန်းက ဘာမှထပ်မပြောတော့ပဲ အိမ်ပြန်ဖို့ကိုသာ ပြောလိုက်တော့ အလင်းက မတ်တပ်ထ,ရပ်၏။ ပြီးနောက်တွင်..
"ဒီပုလင်းက.." ဆိုပြီး အဝန်းလက်ထဲက ပုလင်းကို ယူလေသည်။

"ဟေ့ ပြန်ပေး၊ အဲ့တာ ဆော့စရာမဟုတ်ဘူး။"

"ငါသိပါတယ် ရေမွှေး..."

ရှူးခနဲ ဆွတ်ဖြန်းလိုက်သည်က အဝန်းဘယ်လိုမှ တားဆီးလို့ မမှီလိုက်။ ကိုယ်တိုင်ပင်လျှင် မဆွတ်ရက်၍ ထုတ်ကြည့်၊ပြန်သိမ်းနှင့် တသိမ့်သိမ့်ကြည်နူးပြီးနေရသည်ကို ဒီဟာလေးက အလွန်အကြူး....
"အလင်း..."

မျက်လုံးပြူးတယ်၊ ဒီလောက်လေးကို ဒေါသထွက်နေတယ် ဆိုလျှင်လည်း ဆိုပါစေတော့။ သူဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပဲ အလင်းအားအော်ချလိုက်တော့သည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Tahanan ng mga kuwento. Tumuklas ngayon