"လုပ်ပါ ကိုသက်ရာ၊ ခေါ်လာပြီးပြီကို အားနာစရာကြီး"
"မင်းတော့ နာတော့မယ်။"
ကိုသက်၏ ထိုအပြောကို မျက်နှာငယ်လေးလုပ်ပြလိုက်တော့ ကိုသက်သည် သူ့အတွက်ငှားလာပေးသည့် ကယ်ရီပေါ်သို့ တက်သွားလေသည်။ ကိုသက်တို့ ဆိုင်ကယ်ထွက်သွားပြီးမှ ကယ်ရီသမားအား စာတိုက်ဘက်သို့ပို့ပေးပါဟု ပြောလိုက်သည်။
"ဘယ်လောက်းပေးရမလဲ" ဆိုသောအပြောနှင့်အတူ ကျသင့်သလောက်ကို အိတ်ကပ်ထဲမှ အမြန်ပင်ထုတ်ပေးကာ စာတိုက်ထဲသို့ ပြေးဝင်လိုက်သည်က အလွန်ပင်မြန်ဆန်လွန်းသည်။
"ဟိုကောင်လေး မင်းစာက ဒီမှာ။"
စာတိုက်မှူးသည် သူ၏ရုံးခန်းအတွင်းမှ လှမ်းအော်သည်မို့ အဝန်းပြုံးမိသွားသည်။ အချိန်တွေကြာလာသည်ကြောင့်လား မသိ။ စာတိုက်မှူးသည် အရင်ကလို ဘုဂလန့်မနိုင်တော့ပါ။
"မနက်ဖြန်ပဲ ပြန်ပို့ဖို့ စီစဥ်နေတာ။ ရော့..."
စားပွဲ၏ အံဆွဲထဲမှ ထုတ်ပေးသည်က အခေါက်ပေါင်းများစွာက ကဲ့သို့ စာအိတ်ကလေးမဟုတ်ပဲ ပါဆယ် ပုံးလေးဖြစ်နေ၏။
"ဖွင့်ကြည့်မယ်ဆိုလည်း ယူသာသွားတော့၊"
စာရင်းတွေကို ကြည့်နေရင်းမှ ပြောလာသော ထိုစကားကြောင့် အဝန်းသည် ပျော်ရွှင်စွာနဲ့ပင် ရုံးခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။
"ညနေ ရုံးချိန်အမီပြန်ပို့ဦး၊"
"ဟုတ် ဟုတ်..."
ကျောဘက် ပြတင်းတံခါးဆီမှ အသံကြောင့် ရုတ်တရပ် လန့်သွားကာ လှည့်ကြည့်မိမှ...
"ဒီကောင်လေးတော့..."ဒါကို သူက သွားဖြီးပြပြီး...
"ကျွန်တော် သွားပြီ ဦးလေး..." ဟု ပြောကာ ပြေးသွားလိုက်သည်။ပျော်ရွှင်မှုတွေ ပွေ့ပိုက်ထားရသည့် ခံစားချက်မျိုးနှင့် သူဟာ စာတိုက်ဝန်းအတွင်းမှ ထွက်လာခဲ့သည်။
ပါဆယ်ပုံးလေးကို ဖွင့်ဖောက်ဖို့ရန်အတွက် သူအရမ်းပဲ စိတ်လှုပ်ရှားလို့နေသည်။ ပါဆယ်ပုံးအား ပတ်ပတ်လည် စေ့စေ့ကြည့်နေရင်း တိတ်ကပ်ထားသော နေရာများကို မှတ်သားထားနေရင်းမှ...
"ခဲတံချွန်တဲ့ ဓားလေးနဲ့ ဖောက်မှ" ဟု တွေးပြီး လက်ကိုင်အိတ်ကို ပြန်,မ၊ ပါဆယ်ပုံးကို လက်တစ်ဖက်ဖြင့် အသေအချာ ကိုင်ထားပြီး အနီးအနားက စတိုးဆိုင်သို့ သွားလိုက်၏။
အပိုင်း (၅၀)
Start from the beginning