အပိုင်း (၄၉)

Start from the beginning
                                    

သို့သော်လည်း မျက်နှာလွှဲလျက်ကပင် ကိုသုခ၏အပြောကို ပြန်ကွန့်ပေးလိုက်၏။
"လွယ်နေရင် ပျော်စရာကောင်းတော့ဘူးလေ..."

သူ့မျက်နှာသည်လည်း သုခမောင်ကဲ့သို့ပင် ပြုံးယောင်ယောင်နဲ့ပဲ ပြောလိုက်ခြင်းဖြစ်သည်။

"ပျော်ရမှာထက် သည်းခံရမှာတွေများတဲ့ ဘဝက ပိုပြီးအဓိပ္ပါယ်ရှိပါတယ်လေ။ မင်းရော ၊ ငါရော..."

သုခမောင်၏ ဤစကားကြောင့် အဝန်းသည် သုခမောင်၏ မျက်နှာကို ကြည့်ဖို့ရန်အတွက် လှည့်လိုက်သည့်အချိန်တွင် လေညှင်း၏အသွဲ့မှာ ဂါဝန်လေးဝဲခနဲဖြင့် အပြေးသွားသည့် ချစ်ခြင်းဟာ သုခ၏ရင်ခွင်ထဲသို့ ပစ်ဝင်လေတော့သည်။

"ဖေဖေ..."

မျက်နှာအပေါ်မော့ပြီး သုခမောင်အား ပြုံးချိုစွာနှင့်ကြည့်ကာ ခေါ်ဆိုသော ချင်ခြင်း၏ ခေါ်သံဟာ...သြော် သာယာလိုက်ပါဘိ၊ ချိုသာလိုက်ပါဘိ။

"ဗျာ..."

"ဟီးဟီး...,"

သုခမောင်၏ ပြန်ထူးသံမှာ သူမလေးက သွားတန်းမှာ ပေါ်သည်အထိ ရယ်မောတော့သည်။

တုပ်နှောင်ထားပါတဲ့ ဒီကြိုးတွေကိုသာ ချည်နှောင်ခွင့်မပြုခဲ့ရင် အခုချိန် လေညွှန်ရာမှာ အတူပါမယ့် ကြိုးလေးတစ်ချောင်းသာ အနားမှာရှိမည်ထင်ပါရဲ့။

"ကျွန်တော်ပြန်လိုက်ဦးမယ် ကိုသုခ။ ကိုယ့်ဘာကိုယ်ပဲ ကယ်ရီငှားသွားလိုက်ပါ့မယ်။"

"ဒီလိုဆို ပိုကျေးဇူးပေါ့ကွာ...ကိုယ်လည်း သမီးကို ထမင်းခွံ့ရဦးမှာ"

အဝန်းသည် ခေါင်းသာ အသာညိမ့်ပြခဲ့ပြီးနောက် ထိုခြံဝန်းအတွင်းမှ ထွက်လာခဲ့လိုက်တော့သည်။

ကယ်ရီမတွေ့သေးခင် လမ်းသွယ်အတိုင်း လျှောက်နေရင်းမှ မျက်ရည်ကျချင်နေသည့် မျက်လုံးတို့အား လက်ဖြင့် ကြမ်းတမ်းစွာပင် ပွတ်သပ်မိသည်။ လက်တွင်ကပ်ပါလာသည့် အစိုဓာတ်ကို အခြောက်ခံဖို့ရန်အတွက် လက်တစ်ဖက်က ကြည့်မိလိုက်တော့ လက်ညှိုးထိပ်တွင် ကပ်ညှိပါလာသည်က ရှည်လျားကော့ဆင်းနေသော မျက်တောင်မွှေးဖြစ်နေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now