အပိုင်း (၄၄)

Começar do início
                                    

အဖေ့လက်ဆီမှ စီးကျနေသော သွေးတို့သည် အဝန်း၏နှလုံးသားမှ သွေးစိမ်းရှင်ရှင် ထွက်လာသကဲ့သို့ပင် ရင်ဝယ်အလွန်နာကျင်လွန်းလှပါသည်။

"ရှေ့ဆက်ဖို့ စိတ်ကူးသေးရင်လည်း မင်းသဘောပဲအဝန်း။ မိဘဆိုတာတော့ သားသမီးကိုစွန့်လွှတ်နိုင်တာမဟုတ်ဘူး။ ဒါပေမယ့်ကွာ ငါ့သမီးလေးရှေ့ကိုတော့ ရှောင်....."

"မဟုတ်ပါဘူး အဖေရာ။ တကယ်မဟုတ်ပါဘူး..ကျွန်တော်လေ နောက်ထပ်မလုပ်တော့ပါဘူး။ကျွန်တော် တောင်းပန်ပါတယ် အဖေ..."

အဝန်း ချက်ချင်းပဲ မြေပြင်ပေါ်ကို ဒူးထောက်ချပြီး လက်အုပ်ချီကာ တောင်းပန်စကားဆိုသည်။

အဖေ့စကားတွေသည် အဝန်းအတွက် ခံစားရသည်။ အဖေသည် သူ့အားခွင့်ပြုပေးနိုင်သည်။ သို့သော် သူ့အားခွင့်မပြုပေးနိုင်သည်က အကွေးရှေ့...အဖေပြောတာ မှန်ပါသည်။

တစ်လောကလုံးက ဘာတွေပဲပြောလာပါစေ အဝန်းက မျက်တောင်မခတ် ပြန်ချေပနိုင်သော်လည်း..အကယ်၍အကွေးကသာ မေးလာခဲ့ရင်။ အရာရာမှာ သူ့ကို အတုယူတတ်တဲ့ ဒီညီမလေး၊ ဖြူစင်လွန်းတဲ့ ဒီညီမလေး....

"အဖေ့ လက်မှာ သွေးတွေနဲ့တော်.."

အိမ်ပေါက်ဝဆီမှ ကြားလိုက်ရသည့် အကွေးအသံကြောင့် ပါးပြင်ရှိ မျက်ရည်တို့အား အကြမ်းပတမ်း ဖယ်ရှားသူက အဝန်းတစ်ယောက်ထဲမဟုတ်၊ အဖေပါ ပါ၏။

"ရန်ဖြစ်နေတာလား ဟင်။"

အဝန်းရှေ့မှာရပ်ပြီး မျက်လုံးဝိုင်ဝိုင်းလေးတွေနှင့်ကြည့်ကာ မေးလာတဲ့ ဒီအမေးကြောင့် အဝန်းမှာ ပြာပြာသလဲနှင့်...
"မဟုတ်ပါဘူး အကွေးရာ။"

"ဒါဆို ဘာဖြစ်လို့..."

ဒူးထောက်ကာ နေသည့် အဝန်းအနားသို့ ထပ်တိုးကပ်လာပြီး ခေါင်းလေးစောင်းကာ မေးလာသည့် နောက်ထပ်တိုးစကားက အတိ ဖြူစင်နေ၏။

"အဝန်းရေ အဖေ့ကို ဆေးထည့်ရမယ်။ ထ, သား၊ မြန်မြန် ထ"

"ဟုတ် ဟုတ် အမေ..."

အမေ့ရဲ့ စကားကြောင့် အဝန်းချက်ချင်း ထ,သွားပြီး ဆေးအိတ်သွားယူလိုက်သည်။ အဝန်း ပြန်ရောက်လာတော့ အကွေးနဲ့အလင်းက အဖေ့ဘေးမှာ ထိုင်နေကြသည်။ အမေကတော့ သူတို့နောက်မှာ မတ်တပ်ကလေးရပ်ရင်း မျက်ရည်ဝဲနေလေသည်။

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Onde histórias criam vida. Descubra agora