Antares ဆေးရုံ
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကု ဌာန
အချိန်သည် နံနက်လေးနာရီ။ အများသူငါ အိပ်စက်ချိန်ဆိုပေမဲ့ Neurosurgery Department ရှိ
ဆရာဝန်များကတော့ တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။
"ဒီနေ့ရဲ့ Chief Surgeon က ဆေးရုံအုပ်နော်။ သူ့အကျင့်ကို အကုန်လုံး သိကြတယ်မလား။ အဲတော့ သူ့ရှေ့မှာ စကားမများမိစေနဲ့နော်"
"မများဘူး။ စိတ်ချ အစ်မ။ အဲဒီ နဂါးကြီးကို ကြောက်လွန်းလို့"
ခွဲစိတ်ခန်းထဲမှ ဆရာဝန်နှင့် သူနာပြုများသည်
ထိုဆရာဝန်လေး၏ စကားကြောင့် ရယ်မောသွားကြ၏။ အကြည့်နှင့်တင် ပြာကျနိုင်လောက်အောင် စူးရှလွန်းသည့် ဇေဋ္ဌကို နဂါးကြီးဟူ၍ ဆေးရုံတစ်ခုလုံးက နာမည်ပြောင်
ပေးထားကြသည်မှာ မဆန်း။ အကြည့်ပင် စူးရှသည် မဟုတ်။ နာမည်ပြောင် နှင့်လိုက်အောင်ပင် ဒေါသက
ကြီးသေးသည်။ ထို့အပြင် အော်ပရေးရှင်း
လုပ်နေစဉ်အတွင်း သူ့ရှေ့၌ အပိုစကားများ
ပြောနေသည်ကို မကြိုက်။ မဆိုင်သည့် ပြင်ပမှ
ကိစ္စများကို ပြောမိပါက ထိုလူ၏ နောက်ဆက်တွဲသည် မတွေးရဲစရာပင်။
စကားလုံး အများကြီးဖြင့် ဆူပူမည့်လူ မဟုတ်သည့် ဇေဋ္ဌဦးခိုက်က စကားလုံး နည်းနည်းနှင့် တစ်ဖက်သားကို
အထိနာအောင် ပြောတတ်သူမှန်း အကုန်လုံး သိကြသည်။
"အဲနဂါးကြီးကလေ..."
"ဟဲ့....."
အချိန်မီ တားဆီးလိုက်မှုကြောင့် အတင်းတုပ်မည့်
စကားသံများသည် လေထုထဲ၌ ပျောက်ကွယ်သွားရ၏။
သူငယ်ချင်းဖြစ်သူ လက်ညှိုးထိုးပြသည့်နေရာသို့
လှည့်ကြည့်လိုက်တော့ အခန်းအတွင်းသို့ ဝင်လာသော ဆေးရုံအုပ်ကြီး။ အော်ပရေးရှင်း မစမီကပင် အခန်း အပြင်ဘက်သို့ ကန်ထုတ်ခံရမည့် အဖြစ်မှ ထိုသူနာပြုဆရာမလေးခမျာ သီသီလေး လွတ်သွားခြင်း ဖြစ်သည်။
ခွဲစိတ်ခန်းအတွင်းသို့ ဇေဋ္ဌ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော စကားသံများသည် မီးကို ရေနှင့် ငြိမ်းချလိုက်သလိုပင် တိခနဲ ငြိမ်ကျသွားတော့၏။
