အပိုင်း−၃၇
“ကျွန်တော့်ရည်ရွယ်ချက် အလွန်ကြီးမားလို့ မရဘူး ချစ်မှာပဲ.. တိုက်နဲ့ကားယူမလား။ မင်းသမီးလေး အလိုကျ”
ထိကာတွေ့ကာဖြင့် ထင်စေသည် ခါတိုင်းနှစ်များနှင့်မတူ သိသိသာသာကိုပင် အသားယူလေသည်။အင်းလေ.. ယူလည်း ယူမပေါ့။ တွဲဖက်ကတဲ့သူက ကျွန်းညိုပေကိုး။
“ပြော..ပြော ပြောစမ်းပါ ခင်ဗျား..’
‘လူပျက်ကလေး မောင်ရွှေရိုး.. လူပျက်ကလေးမောင်ရွှေရိုး ယုံတမ်းစကားတွေ လာပြီးပြောမနေနဲ့ တော်ရုံတန်ရုံကြွား… လေတွေတော်တော်ထွား.. မင်းကလေးက လူပျက်ကလေး… မင်းကလေးက လူပျက်ကလေး မောင်ရွှေရိုး.. မောင်ရွှေရိုး မယုံဘူး မယုံဘူး မောင်ရွှေရိုး…”
ကျွန်းညိုကလည်း မခေ။ တဘီအဝါလေး ဝတ်ဆင်ထားရပြီး လုံးဝန်းနေသည့် တင်ပါးလေးကိုပေါ်လွင်လှစွာ ကပ်ရပ်နေသည့် တင်ပါးလေးကို ပင့်ကာတင်ကာဖြင့် ထင်စေ့ကို ကလူသည်။ပရိတ်သတ်အားလုံးက သဘောတကျရယ်မောကြ၏။ မနှစ်က အလှူလာလုပ်ကြသည့် မြို့ကမိသားစု၏ ရှင်ပြုအလှူတောင် ပြန်ရောက်လာသည်မို့ အဖြစ်အပျက်တွေသည် မနေ့တစ်နေ့ကလို။ဒီနှစ်တွင်တော့ ထိုမိသားစုက ရွာနီးချုပ်စပ်က မရှိဆင်းရဲသည့်ကလေးတွေကို ရှင်ပြုပေးခြင်းဖြစ်သည်။ ထိုစဉ်အခါကတော့ နှစ်ယောက်သား မျက်စောင်းတခဲခဲဖြင့် ဖြစ်နေပေမယ့် ဒီနှစ်ကကြရတော့ အချစ်တွေပိုလျှံနေသည်မှာ ဘေးကနေကြည့်နေရသည့် ပိုးလုံးတို့တောင် သေသေချာချာမြင်နေရသည်။
ဘုန်းကြီးကျောင်းပေါ်တွင် တရားယူရေစက်ချနေကြသည့်အချိန်မှ ကျွန်းညိုတို့လည်း မဏ္ဍပ်ထဲဝင်နားကြရတော့သည်။ ထင်စေက ဖအေဖြစ်သူခေါ်တာမို့ ခဏထွက်သွားစဉ် မဏ္ဍပ်ထောင့်တစ်နေရာတွင် ကျွန်းညို ထိုင်လျက် ယပ်တောင် တခတ်ခတ်လုပ်နေရသည်။ အများစုက ကျောင်းပေါ်တရားနာနေကြသည်မို့ မဏ္ဍပ်ထဲတွင်က လူပါးသည်မို့ အေးအေးဆးဆေး။ နေ့လယ်စာကျွေးဖို့ပြင်ဆင်နေကြသည့် မိုးညိုနှင့်ပိုးလုံးတို့ မိန်းမပျိုတွေသာ အလုပ်ရှုပ်နေသည်။ အောင်လွင်နှင့် မြတ်မောင်ကတော့ အလိုက်သိသိဖြင့် သက်ဆိုင်သူတွေနား ပံ့ပိုးလျက် ကူညီပေးနေကြ၏။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့