အပိုင်း−၂၉
“အားလုံးပြီးသွားပြီ။အေးတာပဲ။”
မော်ဦး၏အိပ်ခန်းထဲသို့ အင်မတန်ပျက်ယွင်းနေသည့်မျက်နှာနှင့် ပြန်ဝင်လာသည့် ညီဖြစ်သူကို သနားစိတ်နည်းနည်းလေးတောင် မော်ဦးမှာရှိမနေ။ကုတင်ပေါ်က အင်္ကျီကိုသာ ကိုယ့်သာသာ ဖြည်းဖြည်းချင်းပြန်ဝတ်နေလိုက်သည်။
“ကိုမော်…..’
‘ဘာဖြစ်တာလဲ ထင်စေ။မင်း အပြုအမူတွေက ဘာဖြစ််နေတာလဲ”
ထင်စေက အဖြေမရှိ။မော်ဦးရှေ့က ထိုင်ခုံတွင် ထိုင်ရင်းခေါင်းငိုက်စိုက်နှင့်ဖြစ်သည်။
“ကျွန်းညိုက မင်းမျက်စိထဲမှာ အဲ့ဒီလောက်တောင် စာရိတ္တပျက်ပြားနေတဲ့လူလို့မြင်တာလား။”
‘မဟုတ်ဘူး”
ချက်ချင်းပင် ခေါင်းမော့ကာ ပြန်အော်လာသည့် ထင်စေမျက်နှာသည်လည်း ပူပန်စိုးထိတ်သောကတို့ဖြင့် နီရဲပျက်ယွင်းနေလျက်။
“ဒါဆို ငါကရော… မင်းအစ်ကိုဖြစ်တဲ့ ငါက ညီဖြစ်သူရဲ့ အိမ်ထောင်ကို ပြစ်မှားလောက်တဲ့အထိ…’
‘တော်ပါတော့.. တော်ပါတော့ ကိုမော်ရာ”
ထင်စေ့အသံကနောင်တတို့ဖြင့်အက်ကွဲနေသည်။ခါးကိုင်းလျက် ဒူးပေါ်တွင် ထောက်ထားသည့်လက်နှစ်ဖက်ထဲ မျက်နှာကို နှစ်ထားမိတော့သည်။
“ငါလည်းသက်သာနေပြီ။မင်း ကျွန်းညိုကို မုန်းတီးပြီးနေစရာလည်း မလိုတော့ဘူး။ခုလို ကင်းကင်းရှင်းရှင်းဖြစ်သွားတော့လည်း ကောင်းတာပါပဲမလား။အစစ်အမှန်မဟုတ်တဲ့ မင်းတို့ရဲ့အိမ်ထောင်ရေးလည်း နိဂုံးချုပ်သွားတာပေါ့”
မော့လာသည့် ထင်စေမျက်နှာကို မော်ဦးက မလွတ်တမ်းကြည့်နေသည်။သူ ထိုစကားပြောလိုက်တော့ ဝမ်းနည်းသွားသည့် မျက်နှာအနေထားသည် တစ်သက်နှင့်တစ်ကိုယ် တစ်ခါကမျှ မမြင်ခဲ့ဖူးသည့် အနေအထား။ညီဖြစ်သူကို မော်ဦးက နားမလည်ဘဲရှိမလား။ထင်စေ ကိုယ့်အတတ်ကိုယ်စူးနေတာပဲဖြစ်သည်။
“မဟုတ်ဘူး။ကျွန်တော်… ကျွန်တော်.. မခွဲချင်ဘူး။”
‘ဘာကိုမခွဲချင်တာလဲ။”
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့