အပိုင်း-၆

74.6K 8.1K 730
                                    

အပိုင်း−(၆)

“အဟင့် ကြောက်ပါပြီ အဖေရဲ့ အဟင့် “

ပိုးလုံး၏မျက်ရည်လည်ရွှဲငိုသံကြားလေတော့ ကျွန်းညိုနှင့် အောင်လွင်ခမျာ ဘေးနားမှာယှဉ်တွဲရပ်နေရင်း နေမထိထိုင်မသာ။ ဦးဖိုးလုံးသည် ကြိမ်လုံးဖြင့် ပိုးလုံး၏ခြေသလုံးတွေကို ပယ်ပယ်နှယ်နှယ်တွယ်နေခြင်းဖြစ်သည်။

“ခုမှ ဘာကြောက်ပါပြီလဲဟမ်။မလုပ်ခင်ကမစဉ်းစားမိဘူးလား။မနေ့ညကတည်းက မိုးညိုတို့အိမ်မှာ မိုးညိုနဲ့အိပ်မယ်ဆိုလို့ ငါကယုံကြည်ပြီးလွှတ်ပေးလိုက်တာလေ။ဒီမနက် လှသောင်းရှေ့မှာ ငါဘယ်လောက်အရှက်ရ ရသလဲ သိလား။ သမီးကို မနိုင်ဘူး။မိန်းကလေးဖြစ်ပြီး ရွာကျော်ခဲပစ်ပုံစံနဲ့ ပြောနေတာ ငါ့မှာ ဘယ်လိုမှ ပြန်မပြောနိုင်ခဲ့ဘူး။ကိုယ့်သမီးက မှားနေတာကိုး။”

ပြောလည်းပြော ဦးဖိုးလုံးက ရိုက်လည်းရိုက်သည်။ကျွန်းညိုတို့နှစ်ယောက်ကိုတော့ဖြင့် ဘာမှမပြောသေးဘဲ ဒီအတိုင်း ရပ်ခိုင်းထားသည်။ကျွန်းညိုလည်းခေါင်းကြီးမိပါသည်။မနက်က တောင်ပိုင်းကိုလာခေါ်ကြတုန်းက ကျွန်းညိုအဖေလည်း ပါတာမို့ တွေ့မယ်ဆိုသည့်အကြည့်ကို ကောင်းကောင်းကြီးသိသည်။အိမ်အရင်မပြန်ရသေးဘဲ သူကြီးအိမ်ကို လိုက်လာရလို့သာ တော်သေးသည်။

“သူကြီး .သူကြီး မရိုက်ပါနဲ့တော့ဗျာ။ ရိုက်ချင်ရင် ကျွန်တော်တို့ကိုရိုက်ပါဗျာနော်.’

အောင်လွင်က ဦးဆုံး တောင်းဆိုသည်။ကျွန်းညိုလည်း ထောက်ခံ၏။

“ဟုတ်ပါတယ် သူကြီးရယ်။သူ့ကိုဆယ်ချက်ရိုက်မယ်ဆို ကျွန်တော်တို့ကို တစ်ယောက်အချက်နှစ်ဆယ်ရိုက်လို့ရပါတယ်။ပိုးလုံးကို မရိုက်ပါနဲ့တော့။ ငိုလို့နှာရည်တွေလည်း ထွက်နေတာရုပ်ဆိုးလို့ပါ။”

ကျွန်းညိုကို ပိုးလုံးက သေနာကောင်ဟု အော်ဆဲသည်။ရယ်မိမလိုဖြစ်သွားသည့်မျက်နှာကို ဦးဖိုးလုံးကခပ်မြန်မြန်ပဲ ပြန်ထိန်းသည်။တစ်ချိန်လုံး ထိပ်တုံးခတ် အပြစ်ပေးနေလည်း မမှုကြသည့်အောင်လွင်နှင့်ကျွန်းညိုက ခု ပိုးလုံးကို ရိုက်နေတာ မြင်တော့မှ နေမထိထိုင်မသာဖြစ်နေကြသည်။ဒီကလေးတွေက စိတ်ရင်းကောင်းပြီး ပိုးလုံးကိုလည်း နှမလေးလို စောင့်ရှောက်တာကိုသိပါသည်။သို့ပေမယ့် ကိုယ့်သမီးကိုယ်တိုင်ကလည်း ငြိမ်ငြိမ်ဆိမ်ဆိမ်မဟုတ်ဘဲ ယောကျာ်းလေးတွေနှင့် မဟုတ်သည့်နေရာမှာ ရင်ဘောင်တန်းနေတာခက်သည်။တစ်ခါတစ်လေ ထန်းတောမှာ တွေ့သည်။မသောက်ဘူးဆိုသော်ငြား ဘယ်လိုလုပ် မြောက်ပိုင်းသူကြီးသမီးက ထန်းတောမှာတဲ့လဲ။ကြက်တိုက်တာလည်းပါသည်။ရန်ဖြစ်တော့လည်း ဒင်းက အားပေးဖော် အားပေးဖက်။ ငယ်တုန်းက မိတဆိုးလေးမို့ အနည်းငယ်အလိုလိုက်ခဲ့မိတာတောင် နောင်တရချင်မိသည်။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now